နံနက်ပိုင်း အားကစားသတင်းတိုများ (၂၈.၁၀.၂၀၂၀)

ဘာစီလိုနာအသင်းရဲ့ဥက္ကဌ ဘာတိုမြူနဲ့ ဘုတ်အဖွဲ့ဟာ အသင်းကနေ နှုတ်ထွက်ခဲ့ပြီလို့သိရပါတယ်။ ဖိအားပေးမှုတွေ ဆက်တိုက်မြင့်တက်လာနေပြီး၊ အသင်းကနေ နှုတ်ထွက်ဖို့ အခြေအနေတွေတွန်းအားပေးလာတဲ့အပေါ် ဘာတိုမြူကိုယ်တိုင်နဲ့ ဒါရိုက်တာတွေအကုန်လုံး နှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

ဗန်ဒီဘိခ်ကို အသင်းမှာမသုံးလို့ ဝေဖန်နေကြတဲ့အပေါ် နည်းပြဆိုးလ်ရှားက ဒီရာသီအသင်းရဲ့အရမ်းအရေးပါတဲ့ နေရာကနေ ကစားသမားဟာ ကစားမှာဖြစ်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။ အရန်ခုံမှာထိုင်ခိုင်းထားတာမဟုတ်ဘဲ အသင်းအတွက် နေရာတနေရာကနေ ကစားမှာဖြစ်တယ်လို့ ဆိုးလ်ရှားကဝန်ခံခဲ့ပါတယ်။

ဆောက်သမ်တန်နဲ့ပွဲမှာ အနီကတ်ပြခံခဲ့ရတဲ့ အဲဗာတန်နောက်တန်းကစားသမား ဒစ်နေးရဲ့ပွဲပယ် ပြစ်ဒဏ်ကို (၂)ပွဲပယ်ကနေ (၁)ပွဲတည်းအဖြစ် ပြောင်းလဲလိုက်ပြီလို့ သိရပါတယ်။ ကစားသမားရဲ့အနီကတ်ကို ပယ်ဖျက်ပေးဖို့အထိ စဉ်းစားခဲ့ပေမဲ့ အဲဒီအစား တပွဲပယ်အဖြစ်ပြန်လည်သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

အသင်းရဲ့ကွင်းလယ် ကစားသမား ဖာဘင်ဟို မစ်ဂျယ်လန်းကို (၂-ဝ)နဲ့အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရသွားတဲ့အပေါ် လီဗာပူးနည်းပြ ကလော့ပ်က ရှော့ခ်ရသွားပြီလို့ ဖြေကြားခဲ့ပါတယ်။ ဖာဘင်ဟိုကိုနောက်တန်းအဖြစ်အသုံးပြုဖို့ ချိန်ရွယ်နေတဲ့အနေအထားမှာ ဒဏ်ရာပါထပ်ရသွားတဲ့အတွက် ဗန်ဒိုက်အပြင် နောက်ထပ်အဓိက ကစားသမားတဦးထပ်ဒဏ်ရာ ရသွားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာကို ရင်ဆိုင်ကစားမယ့် ဂျူဗင်တပ်အသင်းရဲ့လူစာရင်းမှာ ရော်နယ်ဒိုပါဝင်လာဖို့အတွက် ဆေးစစ်ရလဒ်ကို စောင့်ဆိုင်းနေတယ်လို့သိရပါတယ်။ ကိုဗစ်ပေါ့စတစ်မပျောက်သေးတဲ့ ရော်နယ်ဒို အနေနဲ့ ဂျူဗင်တပ်နဲ့ပွဲမှာ ပါဝင်ဖို့အတွက် (၄၈)နာရီအလိုမှာ နက်ဂတစ်ထွက်တဲ့ ဆေးစစ်ချက်ထွက်ရမှာဖြစ်ပါတယ်။ မဟုတ်ရင်ပါဝင်လို့မရပါဘူး။

ချန်ပီယံလိဂ်ပွဲစဉ်တွေအဖြစ် ကစားခဲ့တဲ့ ဗုဒ္ဓဟူးနေ့မနက် ပွဲစဉ်ရလဒ်တွေကတော့ လိုကိုမိုတစ် ၁-၂ ဘိုင်ယန်၊ အက်သလက်တီကို ၃-၂ ရက်ဘူးလ်ဆောဘတ်၊ ရှက်တာဒိုးနက် ဝ-၀ အင်တာ၊ မိုချင်ဂလာဘတ် ၂-၂ ရီးရဲလ်မက်ဒရစ်၊ ပေါ်တို ၂-၀ အိုလံပီယာကို့စ်၊ မာဆေးလ် ဝ-၃ မန်စီးတီး၊ အတ္တလန်တာ ၂-၂ အေဂျက်၊ လီဗာပူး ၂-၀ မစ်ဂျဲလန်း နဲ့ ရလဒ်တွေအသီးသီးထွက်ပေါ်ခဲ့ကြပါတယ်။

Aung Bwa – SportsGabar