ပွဲစဉ် (၃၈)ပွဲကို ကိုင်တွယ်ပြီးချိန်မှာ အူနိုင်းအမ်မရီထက်နိမ့်နေတဲ့အာတီတာရဲ့စွမ်းဆောင်ရည်

အာတီတာအနေနဲ့ လက်ရှိအချိန်မှာ အသင်းကြီးတွေနဲ့တွေ့တိုင်း ဆက်တိုက်ရှုံးနေတာက ပရိသတ်ကို အတွေးများစေပါတယ်။ အသင်းရဲ့ကစားပုံက ဆိုးရွားနေပြီး၊ တိုက်စစ်မှူး အူဘာမီယန်း မပျောက်စဖူးဂိုးပေါက်ပျောက်တဲ့အထိ ငါးပွဲဆက်ဂိုးပေါက်ပျောက်နေတာက ကစားကွက်နဲ့ဆိုင်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။ နည်းပြဟောင်း အူနိုင်းအမ်မရီထက်ကို ဆိုးနေတယ်လို့ အချက်အလက်နဲ့ နှိုင်းယှဉ်နေကြတာပါ။

အာတီတာဟာ လက်စတာကို အိမ်ကွင်းရှုံးပွဲအဖြစ် ပရီးမီးယားလိဂ်မှာ ပထမဆုံးကြုံပြီးချိန်မှာ (၃၈)ပွဲအထိ ကိုင်တွယ်ပြီးပါပြီ။ အူနိုင်အမ်မရီ (၃၈)ပွဲအထိ ကိုင်တွယ်ပြီးချိန်မှာ (၂၃)ပွဲအထိ နိုင်ပွဲရယူခဲ့ပါတယ်။ အာတီတာအနေနဲ့ ဒီအနေအထားမှာ (၂၁)ပွဲပဲ နိုင်ပွဲရယူနိုင်သေးတာက စွမ်းဆောင်ရည်အနေအထားမှာ အာတီတာအနေနဲ့ လုံလောက်တဲ့နိုင်ပွဲတွေ မရသေးတာကိုတွေ့ရပါတယ်။

ရာခိုင်နှုန်းနဲ့တွက်ရင်တော့ အူနိုင်းအမ်မရီက (၆၁)ရာခိုင်နှုန်း၊ အာတီတာက (၅၅)ရာခိုင်နှုန်းဖြစ်ပါတယ်။ ရှုံးပွဲမှာတော့ အမ်မရီက (၉)ပွဲအထိရှိပြီး၊ သရေ (၆)ပွဲပါ။ အာတီတာကတော့ သရေ(၈)ပွဲ ရှုံးပွဲ (၇)ပွဲဖြစ်ပါတယ်။ သုံးပွဲက ဒီနှစ်ပရီးမီးယားလိဂ်ထိပ်သီးတွေဖြစ်တဲ့ လီဗာပူး၊ မန်စီးတီး၊ လက်စတာသုံးသင်းကို ရှုံးနိမ့်ထားတဲ့ မှတ်တမ်းတွေပါဝင်နေပါတယ်။

နည်းနည်းလေးသာလာတဲ့အချက်က အာတီတာအနေနဲ့ ခံစစ်မှာ (၃၅)ဂိုးအထိပဲ ပေးထားရချိန်မှာ အူနိုင်းအမ်မရီအနေနဲ့ အဆိုပါကာလတုန်းက ၄၇ ဂိုးအထိပေးခဲ့ရတာဖြစ်ပါတယ်။ တဖက်မှာတော့ တိုက်စစ်ပိုင်းမှာ ပြောင်းပြန်ပြန်ဖြစ်နေပါတယ်။ အမ်မရီရဲ့တိုက်စစ်က ၇၄ ဂိုး၊ အာတီတာရဲ့ တိုက်စစ်က ၅၄ ဂိုးပါ။ နှစ်ယောက်လုံးရဲ့စွမ်းဆောင်ရည်အရ ထူးခြားတာမျိုးမရှိဘဲ အသင်းဟာ တိုးတက်မှုမရှိတာကိုပြနေပါတယ်။

ဒါပေမဲ့ အာတီတာကတော့ ထူးခြားတဲ့ မှတ်တမ်းအနေနဲ့ စကိုင်တွယ်တွယ်ခြင်းမှာပဲ အက်ဖ်အေဖလား၊ ကွန်မြူနတီဒိုင်းတို့ကို ယူပြထားနိုင်ပါတယ်။ လီဗာပူး၊ မန်စီးတီးလိုအသင်းတွေကို ကျော်ဖြတ်အနိုင်ယူပြထားတဲ့ စွမ်းဆောင်ရည်နဲ့ပါ။ အူနိုင်အမ်မရီကတော့ အဆိုပါ ၃၈ ပွဲအတွင်း ဖလားမရခဲ့ပါဘူး။ လာမယ့်အပတ်မှာ မန်ယူအသင်းကို ရင်ဆိုင်ရတော့မယ့် အာတီတာ၊ အသင်းကြီးတွေနဲ့တွေ့တိုင်းရှုံးထားတဲ့စွမ်းဆောင်ရည်နဲ့ ရလဒ်ကောင်းပါ့မလားက စိတ်ဝင်စားစရာပါပဲ။

Aung Bwa – SportsGabar