နံနက်ပိုင်းအားကစားသတင်းတိုများ (၂၇.၁၀.၂၀၂၀)

မန်စီးတီးအသင်းတိုက်စစ်မှူး အဂူရိုအနေနဲ့ ဒဏ်ရာအနေအထားကြောင့် တလခန့်ထပ်နားရမယ်လို့သိရပါတယ်။ ကြွက်သားဒဏ်ရာကြောင့် ကစားသမားအနေနဲ့ပွဲထွက်ဖို့အဆင်မပြေဖြစ်နေပြီး၊ အနားယူရမယ့်အပေါ် တလလောက်အနားပေးရမှာဖြစ်ပါတယ်။ ဒူးဒဏ်ရာခွဲစိတ်ပြီးနောက်ပိုင်း (၃)ကြိမ်မြောက် ဒဏ်ရာရရှိမှုဖြစ်ပါတယ်။

နည်းပြ ဂွါဒီယိုလာရဲ့စာချုပ်သက်တမ်းနှစ်အကုန်မှာ ကုန်ဆုံးမယ့်အပေါ် နည်းပြပတ်ဂွါဒီယိုလာအနေနဲ့ သက်တမ်းတိုးဖို့ မဖွင့်ဟထားဘူးလို့ဆိုပါတယ်။ အသင်းတာဝန်ရှိသူတွေက နည်းပြနေရာအစားထိုးဖို့ စပါးနည်းပြဟောင်းပိုချက်တီနိုနဲ့ လက်ရှိလစ်ဇစ်နည်းပြ နဂျယ်စမန်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့သိရပါတယ်။

ဘန်လေကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ စပါးအသင်းအတွက် တလုံးတည်းသောအနိုင်ဂိုးကို ဆွန်ယောင်မင်က သွင်းယူပေးခဲ့ပါတယ်။ ဆွန်အနေနဲ့ ပရီမီးယားလိဂ်သွင်းဂိုး (၈)ဂိုးအထိရှိလာပြီး၊ လက်ရှိလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ထိပ်ဆုံးက ရပ်တည်နေပါတယ်။

နည်းပြ မော်ရင်ဟိုကတော့ ဘန်လေနဲ့တွေ့တိုင်း မှတ်တမ်းကောင်းပိုင်ဆိုင်ထားတဲ့ သူ့ရဲ့မှတ်တမ်းကို ဆက်ထိန်းသိမ်းသွားခဲ့ပါတယ်။ (၁၀)ပွဲတိတိ တွေ့ဆုံလာချိန်မှာ (၆)ပွဲနိုင် (၄)ပွဲ သရေနဲ့ ရှုံးပွဲလုံးဝမရှိဘဲ ဘန်လေအသင်းနဲ့တွေ့တိုင်း မှတ်တမ်းကောင်းကို အရယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့နောက်ခံလူ မူစတာဖီကိုအသင်းက စာချုပ်သစ်ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကစားသမားက စာချုပ်ကို ငြင်းပယ်ခဲ့ပြီး၊ ရာသီကုန်မှာ အလွတ်ကြေးနဲ့အတူ အသင်းကထွက်ခွာဖို့ကိုပဲ ရွေးချယ်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်၊ လီဗာပူးတို့နဲ့ တရားဝင်ချိတ်ဆက်နေတယ်လို့ သတင်းထွက်ထားတဲ့ အမ်ဘာပေကတော့ ပီအက်စ်ဂျီချန်ပီယံလိဂ်ဖလားမရမချင်းအသင်းကမထွက်ဖို့ စဉ်းစားထားတာကို ကလပ်အသင်းဖော်တွေကို ပြောပြခဲ့တယ်လို့သိရပါတယ်။ ကမ်းလှမ်းမှုတွေကို ဆိုင်းငံ့ထားမှာဖြစ်ပြီး၊ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားရဖို့ကို ပစ်မှတ်ထားနေတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

Aung Bwa – SportsGabar