“ကျွန်တော့်ကို လူစားဝင်ခိုင်းမယ်ဆိုရင် မိနစ် (၈၀)လောက်မှထည့်ပါတယ်”လို့ ဇီဒန်းကို အစ္စကိုပေါ်တင်ဝေဖန်

ရီးရဲလ်မက်ဒရစ်ရဲ့ကွင်းလယ်မှာ ကစားနေတဲ့ အစ္စကိုကတော့ သူတို့ရဲ့နည်းပြချုပ်ကြီးကို တည့်ဝေဖန်လိုက်ပါတယ်။ ပွဲကစားချိန် မလုံလောက်မှုနဲ့ ပွဲအတွင်းသူ့ကိုထည့်မကစားတာမျိုးတွေ ခဏခဏလုပ်နေတဲ့အပေါ် အစ္စကိုက မကျေနပ်ဖြစ်နေချိန်၊ ဇီဒန်းအပေါ် သူ့ရဲ့သဘောထားကို ထုတ်ြပောခဲ့ပါတယ်။ ဇီဒန်းအနေနဲ့ သူ့ကို မိနစ် (၈၀)လောက်မှာ ထည့်ကစားတယ်လို့ဆိုလိုက်တာပါ။

အစ္စကိုအနေနဲ့ ရီးရဲလ်ရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဘာစီလိုနာကို (၁-၃)နဲ့အနိုင်ရတဲ့ပွဲမှာလည်း မပါခဲ့ပါဘူး။ ရှက်တာဒိုးနက်ကို (၃-၂)နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာလည်း မပါခဲ့ဘဲ နောက်ဆုံးနှစ်ပွဲဆက်အသင်းရဲ့ လူစာရင်းနဲ့ဝေးကွာခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ အစ္စကိုဟာ နွေရာသီမှာ ခြေကျင်းဝတ် ဒဏ်ရာရပြီးကတည်းက ဇီဒဒန်းလက်အောက်မှာ လေးပွဲပဲပွဲထွက်ထားပါသေးတယ်။

” အကယ်လို့ သူသာ ကျွန်တော့်ကို ပွဲချိန်တွင်း လူစားလဲချင်တယ်ဆိုရင် ပွဲချိန်ရဲ့ မိနစ် ၅၀၊ ၆၀ လောက်မှာပဲ သူလူစားလဲလိုက်တယ်။ တခါတလေဆိုရင် ပထမပိုင်းပြီးတာနဲ့ ကျွန်တော့်ကို လူစားတန်းလဲလိုက်တယ်။ အကယ်လို့ သူလူစားလဲဖို့ ထည့်ချင်တယ်ဆိုရင်လည်း မိနစ် (၈၀)လောက်ရောက်နေတဲ့အချိန်မှာ ကောက်ကာငင်ကာ ထည့်လိုက်တယ်”

(၂၈)နှစ်ပဲရှိသေးတဲ့ အစ္စကိုက အခုလို ဇီဒန်းကို တည့်ဝေဖန်တဲ့ စကားလုံးတွေကို ‘El Partidazo’ ဆိုတဲ့ အစီအစဉ်မှာ ဝန်ခံခဲ့တာပါ။ သူ့ရဲ့ လက်ရှိနည်းပြ ဇီဒန်းရဲ့ သူ့အပေါ် ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ ကျေနပ်မနေပါဘူး။ တမင်ကို လုပ်နေတယ်လို့ ခံစားနေရပြီး၊ ရီးရဲလ်ကနေ သူ့အနေနဲ့ ထွက်ခွာသွားစေဖို့ တဖက်လှည့်နဲ့ လုပ်ဆောင်နေတယ်လို့ ထင်နေတာဖြစ်ပါတယ်။

ဒါပေမဲ့ တဖက်မှာတော့ ဇီဒန်းအနေနဲ့ အစ္စကိုကို ချန်လှပ်ထားတာက အပြစ်ပြောစရာဖြစ်မနေပါဘူး။ လာလီဂါမှာ (၁၃)မှတ်ရထားသလို ဒုတိယနေရာကို ရောက်နေပါတယ်။ ပြိုင်ဘက် ဘာစီလိုနာကိုလည်း အနိုင်ယူထားပြီး၊ တပွဲလျော့နဲ့ ထိပ်ဆုံးက ဆိုစီဒက်နဲ့ တမှတ်ပဲကွာနေတာက အစ္စကိုရဲ့ဝေဖန်မှုတွေကို အရာမရောက်စေခဲ့ပါဘူး။ တဖက်မှာတော့ ဒီစကားလုံးတွေကြောင့် ပွဲထွက်ခွင့်တောင်ရပါတော့မလားက စောင့်ကြည့်သွားရပါမယ်။

Aung Bwa – SportsGabar