ညီအစ်ကိုနှစ်ယောက် အပြန်အလှန်ဂိုးသွင်းရင်း ကြည်နူးစရာဖြစ်ခဲ့တဲ့ စီးရီးအေပွဲ

လော်ရန်ဇိုအင်ဇိုင်းတယောက် ညီဖြစ်တဲ့သူသွင်းထားတဲ့ ဦးဆောင်ဂိုးကို နောက်ကနေ လိုက်ချေဖျက်အပြီးမှာ နှစ်ယောက်သား ပြေးနှုတ်ဆက်ခဲ့ကြပါတယ်။ ညီအစ်ကိုနှစ်ယောက်ရဲ့ကြည်နူးစရာမြင်ကွင်းလေးလည်းဖြစ်၊ ချေပဂိုးအဖြစ်သွင်းနိုင်လိုက်ချိန်မှာ နားလည်မှုရှိနေတဲ့နှစ်ယောက်သားရဲ့ မြင်ကွင်းလေးလည်းဖြစ်တဲ့ ဓာတ်ပုံလေးကို စီးရီးအေရဲ့ပွဲစဉ်တခုမှာ အမိအရရိုက်ယူနိုင်ခဲ့ပါတယ်။

ပွဲစဉ်က ဘန်နီဗန်တိုနဲ့ နာပိုလီတို့ကစားခဲ့တဲ့ အမှတ်ပေးပွဲစဉ်မှာပါ။ နာပိုလီရဲ့အကယ်ဒမီကနေ အတူတူကြီးပြင်းလာတဲ့ နှစ်ယောက်၊ (၂၀၁၉)အထိ နာပိုလီမှာအတူတူကစားနေခဲ့ပေမဲ့ နောက်တော့ ညီဖြစ်သူက ပုံမှန်ပွဲထွက်ခွင့်အတွက် ဆုံးဖြတ်ချက်အသစ်ချခဲ့ပါတယ်။ မြို့ခံကလပ်တခုပဲဖြစ်တဲ့ ဘန်နီဗန်တိုကို (၂၀၁၉) မှာ ပြောင်းရွှေ့ခဲ့ပြီး၊ ကစားခဲ့ပါတယ်။

အသက် (၂၆)ပဲရှိသေးတဲ့ ညီဖြစ်သူ ရောဘတ်တိုအင်ဇိုင်းအနေနဲ့ အခုလိုတွေ့ဆုံလာချိန်မှာ ထူးထူးခြားခြားဆိုသလို သူ့ကလပ်ဟောင်းနဲ့ အကိုရှိတဲ့အသင်းကို (၃၀)မိနစ်မှာပဲ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ပထမတပိုင်းလုံး (၁-ဝ)နဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီး၊ ဘန်နီဗန်တိုအတွက် နာပိုလီကို အနိုင်ရလဒ်တခုဖန်တီးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းအရောက်မှာတော့ လော်ရန်ဇိုအင်ဇိုင်းကချေပခဲ့ပါတယ်။

မိနစ် (၆၀) အရောက်မှာ ချေပဂိုးသွင်းပြီးချိန်မှာတော့ ညီအစ်ကိုနှစ်ယောက်ရဲ့နွေးထွေးတဲ့ နှုတ်ဆက်ပုံလေးကို မြင်တွေ့ခဲ့ရပါပြီ။ (၂၉)နှစ်ပဲရှိသေးတဲ့ လော်ရန်ဇိုအနေနဲ့ ဒီပွဲမှာ ချေပဂိုးကို လှလှပပဆိုသလို ကိုက်(၂၀)အကွာ ခရော့စ်ဘားအောက်ကနေ ဝိုက်သွင်းခဲ့တာဖြစ်ပါတယ်။ ” ပွဲလည်းပြီးရော ကျွန်တော်ညီလေးကိုပြောဖြစ်တာက ငါ့ရဲ့ဘယ်ခြေထောက်ဂိုးက မင်းထက်ပိုကောင်းတယ်နော်’ လို့ လော်ရန်ဇိုအင်ဇိုင်းကစနောက်ခဲ့ပါတယ်။

လော်ရန်ဇိုက နာပိုလီအတွက် (၃၅၂)ပွဲရှိနေပါပြီ။ ” ကျွန်တော်တို့ကို အတော်လေးနွေးထွေးမှုရစေတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့က ကျွန်တော်တို့ မိသားစုအတွက် အတော်လေးကို စိတ်လှုပ်ရှားစရာကောင်းတယ်လေ။ ကျွန်တော့်ဂိုးသွင်းနိုင်ခဲ့တာနဲ့ပတ်သက်လို့ ပျော်မိတယ်။ ကျွန်တော့်ညီလေးကိုလည်း ကွန်ဂရက်ကျူလေးရှင်းပါလို့ ပြောချင်တယ်။”

ရောဘတ်တိုကလည်း ပွဲအပြီးမှာ ဝမ်းသာမှုအပြည့်နဲ့အခုလို ထပ်ပြောပါတယ်။ ” ကျွန်တော်ပျော်နေပါတယ်။ ဒါပေမဲ့ စီးရီးအေမှာ ကျွန်တော့်ရဲ့ပထမဆုံးဂိုးကို အစ်ကို့ဖက်ကို သွင်းရတာတော့ စိတ်မကောင်းဖြစ်မိတယ်။ အစ်ကိုနဲ့ နာပိုလီကိုရင်ဆိုင်ရတယ်ဆိုတာက တကယ့်ကို ခံစားရတာကောင်းပါတယ်။ ဒါပေမဲ့ အားလုံးကတော့ ရလဒ်အတွက်ပဲ နည်းနည်းလေးစိတ်မကောင်းဖြစ်မိကြတာပါ။’

ရောဘတ်တိုကိုက စီရီးအေပွဲကြီးနှစ်ပွဲပဲကန်အပြီးမှာ နာပိုလီက ရောင်းချခဲ့တာဖြစ်ပါတယ်။ အငှားတွေနဲ့ပဲ ထွက်ကစားခဲ့ရပြီး၊ နောက်တော့ အပြီးသတ်ကိုရောင်းချခဲ့တာဖြစ်ပါတယ်။ မိသားစုနဲ့လည်းအဝေးကိုမသွားချင်ခဲ့ချိန်မှာ မြို့ခံကလပ် ဘန်နီဗန်တိုကိုပဲ ရောက်သွားခဲ့တာပါ။ ဒါကြောင့်လည်း သူ့ရဲ့စီးရီးအေပထမဆုံးဂိုးကို အသင်းဟောင်းနာပိုလီဖက်ကို သွင်းနိုင်ခဲ့တာလို့ အင်တာဗျူးမှာ ဖွင့်ဟခဲ့တာဖြစ်ပါတယ်။

Aung Bwa – SportsGabar