နံနက်ပိုင်း အားကစားသတင်းတိုများ (၂၆.၁၀.၂၀၂၀)

ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ကော်တင်ဟိုတယောက် လေ့ကျင့်ရေးကွင်းမှာ တံကောက်ကြောဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။ အနားယူရမယ့် အချိန်အတိုင်းအတာကာလကို ထုတ်ပြန်ခဲ့တာမျိုးမရှိပေမဲ့ လာမယ့်ချန်ပီယံလိဂ်ပွဲစဉ်ကိုတော့ ကျိန်းသေလွဲချော်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ရှုံးပွဲမရှိနဲ့ ဇယားထိပ်ဆုံးမှာရပ်တည်ခဲ့တဲ့ အန်ဆယ်လော့တီရဲ့ အဲဗာတန်အသင်းကို ဆောက်သမ်တန်အသင်းက (၂-ဝ)နဲ့ အနိုင်ကန်ခဲ့ပါတယ်။ နောက်ခံလူ ဒစ်နေအနီကတ်ပြသခံခဲ့ရတဲ့အနေအထားအပေါ် နည်းပြဖြစ်သူ အန်ဆယ်လော့တီပေါက်ကွဲခဲ့ပြီး၊ အနီကတ်ဟာ ဟာသပဲလို့ ပေါ်တင်ဝေဖန်ခဲ့ပါတယ်။

ဒေးဗစ်ဆေးလ်ဗားပါဝင်ကစားနေတဲ့ ရီးရဲလ်ဆိုစီဒက်အသင်းကတော့ ဟူစကာကို (၄-၁)နဲ့ ဂိုးပြတ်အနိုင်ရအပြီးမှာ လာလီဂါအမှတ်ပေးဇယားကိုဦးဆောင်လိုက်ပါတယ်။ ဒုတိယနေရာက ရီးရဲလ်ထက် (၁)ပွဲပိုကစား (၁)မှတ်အသာ၊ ကစားပွဲ(၇)ပွဲ၊ ရမှတ် (၁၄)မှတ်နဲ့အတူ ထိပ်ဆုံးကရပ်တည်နေပါတယ်။

ပီယာလိုရဲ့ဂျူဗင်တပ်အသင်းကတော့ ဗီရိုနာကို (၁-၁) သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ (၅)ပွဲကစား (၃)ပွဲသရေ၊ (၂)ပွဲနိုင် ရှုံးပွဲလုံးဝမရှိသေးပေမဲ့ သရေပွဲတွေများနေတဲ့အပေါ် တိုက်စစ်ပိုင်းက သွင်းဂိုးလိုအပ်ချက်တွေရှိနေတာကို မြင်ခဲ့ရပါတယ်။

တဆက်တည်းမှာပဲ ကွင်းလယ်ကစားသမားဖြစ်တဲ့ ဒိုင်ဘာလာတယောက် ဂျူဗင်တပ်နဲ့စာချုပ်သစ်ကိစ္စအတွက် ညှိနှိုင်းမှုတွေလုပ်နေပြီလို့သိရပါတယ်။ ဂျူဗင်တပ်အတွက် ကွင်းလယ်ပိုင်းမှာ အရေးပါနေဆဲလူတယောက်ဖြစ်တဲ့အပေါ် အသင်းကလက်လွှတ်ဖို့ မစဉ်းစားတော့ဘဲ စာချုပ်သစ်ကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဘန်နီဗန်တိုနဲ့ နာပိုလီအသင်းကစားခဲ့တဲ့ ပွဲစဉ်မှာ ထူးခြားဖြစ်စဉ်တခုရှိခဲ့ပါတယ်။ (၁-၂)နဲ့ နာပိုလီအသင်းအနိုင်ရခဲ့ပေမဲ့ ဘန်နီဗန်တိုရဲ့ ဦးဆောင်ဂိုးကို လော်ရန်ဇို ရောဘတ်တိုကသွင်းခဲ့ပြီး၊ နာပိုလီအတွက် ချေပဂိုးကို လော်ရန်ဇိုအင်ဇိုင်းက သွင်းခဲ့ကာ ညီအစ်ကိုနှစ်ယောက် ဂိုးသွင်းတဲ့ ပွဲစဉ်ကို မြင်ခဲ့ရတာဖြစ်ပါတယ်။

လက်စတာကို (ဝ-၁)နဲ့ အိမ်ကွင်းမှာ ရှုံးသွားတဲ့ အာဆင်နယ်အသင်းဟာ ဂျေမီဗာဒီရဲ့အနိုင်ဂိုးနဲ့ပတ်သက်လို့ မှတ်တမ်းဆိုးတစ်ခုရခဲ့ပါတယ်။ အာဆင်နယ်အိမ်ကွင်းကို လာကစားပြီးဂိုးအများဆုံးသွင်းတဲ့ ကစားသမားအဖြစ် ဗာဒီက (၅)ဂိုးနဲ့မှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။

Aung Bwa – SportsGabar