ဒီရာသီမှာ သူ့အရဲ့အသင်းဟောင်းတသင်း ချန်ပီယံလိဂ်ကျိန်းသေဝင်လိမ့်မယ်လို့ ရွန်းနီခန့်မှန်း

ယူနိုက်တက်ဂန္ဓဝင်ဟောင်း ရွန်းနီက သူရဲ့အသင်းဟောင်းတွေထဲက တသင်းကတော့ ချန်ပီယံလိဂ်ကို ကျိန်းသေဝင်လိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ မန်ယူနိုက်တက်မဟုတ်ဘဲ သူစတင်ကြီးပြင်းခဲ့ရာ အဲဗာတန်အသင်းဟာ အန်ဆယ်လော့တီကိုင်တွယ်မှုအောက်မှာ လက်ရှိသွားနေတဲ့အတိုင်း ဆက်သွားရင်း ချန်ပီယံလိဂ်ဝင်သွားမယ်လို့ ခန့်မှန်းလိုက်တာပါ။

The times သတင်းစာမှာ ရေးနေကြ သူ့ရဲ့စာမျက်နှာမှာ အသင်းဟောင်း အဲဗာတန်ရဲ့ သွားနေပုံ၊ နည်းပြအန်ဆယ်လော့တီရဲ့မောင်းနှင်အားတွေကို ရွန်းနီကချီးကျူးလိုက်ပြီး၊ ထိပ်ဆုံးလေးသင်းဝင်ဖို့ ဖြစ်နိုင်ပါတယ်လို့ အခုလိုရေးသားခဲ့ပါတယ်။ ” ထိပ်ဆုံးလေးသင်းဝင်ဖို့က စွမ်းဆောင်နိုင်မှာပါ။ ခက်တော့ခက်ခဲပါလိမ့်မယ် ဘာလို့လဲဆိုတော့ အဲဒီနေရာတွေအတွက် ပြိုင်ဆိုင်နေတဲ့အသင်းတွေက ခုနှစ်သင်း ရှစ်သင်းလောက်ရှိတယ်လေ။’

” ကလပ်အကြီးတချို့ကတော့ လွဲချော်တာမျိုးတွေရှိလိမ့်မယ်။ ဒါပေမဲ့ ထိပ်ဆုံးလေးသင်းကိုတော့ သူတို့ ပစ်မှတ်ထားမှာပဲ။ အဲဗာတန်ရဲ့အစပိုင်းကို လွှတ်ပေးထားသလိုပေါ့။ အကယ်လို့ အဲဗာတန်က ဇန်နဝါရီလအထိ ထိပ်ဆုံးလေးသင်းဖရိန်ထဲမှာ ရှိနေမယ်ဆိုရင် အန်ဆယ်လော့တီကို ယုံယုံကြည်ကြည်နဲ့ နောက်ထပ်ကစားသမားတွေ ခေါ်ခွင့်ပေးလိုက်ပါ ”

” အဲဗာတန်မှာ ထိပ်ဆုံးလေးသင်းဝင်ဖို့ အခွင့်အရေးကြီး ရလာပါလိမ့်မယ်။ သူတို့မှာ လက်ရှိရှိနေတဲ့ပြဿနာက အင်အားမတောင့်သေးတာပဲ။ ဆီဂတ်ဆန်နဲ့ ဘားနက်ဆိုရင် ကွင်းအပြင်ကနေ ပွဲအဖြေကို ြပောင်းလဲတာမျိုးကိုလုပ်ဖို့ ကွင်းထဲကို ချက်ချင်းဝင်လာနိုင်တဲ့ ကစားသမားမျိုးပဲ။ ဒါပေမဲ့ သူတို့ ကစားသမား တယောက်နှစ်ယောက်လောက် ထပ်လိုသေးတယ် ‘

” အဲဒီကစားသမားက ကမ္ဘာ့အဆင့်လောက်ထိ ဖြစ်နေစရာမလိုဘူး။ ခြေစွမ်းပိုင်ဆိုင်ရာမှာ ထူးထူးခြားခြားကျတာမျိုးမရှိဘဲ ချက်ချင်းအစားဖြည့်ပေးနိုင်တဲ့သူမျိုး၊ အကယ်လို့ ကစားသမားတွေ ဒဏ်ရာရခဲ့ရင်ပေါ့။ နောက်ပြီး အလန်လို ကစားသမားအတွက်လည်း တကယ့်အရန်လူလိုအပ်တယ်။ နောက်ထပ် ပွဲအတွင်းမှာလည်း ကလဲဗက်လေဝင်ဒဏ်ရာတွေဘာတွေရရင်”

” အစားဖြည့်ပေးနိုင်မယ့် တိုက်စစ်ပိုင်းကဏ္ဍမျိုးပေါ့၊ လီဗာပူးကို ရင်ဆိုင်သွားတာမှာ ကျွန်တော်တို့မြင်လိုက်ရတာက အဲဗာတန်ဟာ စိန်ခေါ်မှုတွေကို လက်ခံနိုင်စွမ်းရှိတယ်ဆိုတာပဲ။” လို့ ထောက်ပြခဲ့ပါတယ်။ ရွန်းနီရဲ့ပြောကြားချက်အရ ကွင်းလယ်ပိုင်း နှစ်ယောက်၊ တိုက်စစ်ပိုင်း တယောက်သာကျိန်းသေ ဇန်နဝါရီမှာထပ်အားဖြည့်ခဲ့ရင် အန်ဆယ်လော့တီရဲ့ အဲဗာတန်ဟာ ချန်ပီယံလိဂ်ကျိန်းသေဝင်ပြီလို့ထောက်ပြခဲ့တာဖြစ်ပါတယ်။ ရွန်းနီပြောသလို အဲဗာတန်ဟာ လက်ရှိမှာ ထိပ်တန်းအဆင့်ခြေစွမ်းတွေနဲ့ မောင်နှင်နေပြီး၊ ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကျိန်းသေဖို့ရှိနေပါတယ်။

Aung Bwa – SportsGabar