ဗန်ဒိုက်နေရာကို တနှစ်တာအစားထိုးဖို့ လီဗာပူးအသင်း တရားဝင်ဆွေးနွေးနေပြီဖြစ်တဲ့ ရှော်လ်ကေးနောက်ခံလူ

လီဗာပူးရဲ့ ဗဟိုနောက်ခံလူဗန်ဒိုက် တယောက် တနှစ်နီးပါးလောက်နားရမယ့် ACL ဒဏ်ရာရသွားခဲ့တာက ဂျာဂင်ကလော့ကို စဉ်းစားစရာဖြစ်စေခဲ့ပါတယ်။ ဖာဘင်ဟိုပါနောက်တန်းဆင်းကစားနေရတဲ့အပေါ် လာမယ့်နှစ်တွေနဲ့ လက်ကျန်ပွဲစဉ်တွေကို ရေရှည်ဖြတ်သန်းဖို့ ဗဟိုနောက်ခံလူ တယောက်မဖြစ်မနေလိုအပ်လာခဲ့ပါပြီ။ ချက်ချင်းဆိုသလိုပဲ ဒီအခြေအနေကို အချိန်မီကုစားဖို့ ဈေးကွက်ထဲ ဝင်ရောက်ခဲ့ပါပြီ။

တရားဝင်ပဲ ပွင့်ပွင့်လင်းလင်းဆွေးနွေးနေပြီဆိုတဲ့ နောက်ခံကစားသမားအကြောင်းကို Mirror က ဖော်ပြခဲ့ပါတယ်။ သူကတော့ ရှော်လ်ကေးအသင်းရဲ့ အသက် (၂၀)အရွယ် နောက်ခံလူ အိုဇန် ကာဘက်ပါ။ ပြောင်းရွှေ့ကြေးကို ကနဦးအနေနဲ့ ပေါင်သန်း (၂၀) သတ်မှတ်ထားပြီး၊ လီဗာပူးနဲ့ ရှော်လ်ကေးကြား အပြောင်းအရွှေ့အတွက် အပြုသဘောဆောင်တဲ့အခြေအနေမျိုးကို ဆွေးနွေးနေပါတယ်။

လီဗာပူးဖက်က ရှော်လ်ကေးကို သူတို့ရဲ့လက်ရှိအခြေအနေတွေကြောင့် ကစားသမားကိုခေါ်ဖို့ တရားဝင်ဆွေးနွေးတာဖြစ်ပြီး၊ နွေရာသီတုန်းက မခေါ်ဖြစ်ခဲ့တာက ထရန်စဖာဘတ်ဂျတ်ကြောင့်ကို ရှင်းပြခဲ့ပါတယ်။ ဆီမီကတ်၊ သီယာဂိုအယ်ကန်တာရာ၊ ဂျိုတာတို့လို ဦးစားပေးလိုအပ်တဲ့နေရာတွေကို ဖြည့်တင်းပြီးချိန်၊ နောက်ခံလူမလိုအပ်တဲ့ လီဗာပူးဟာ သူတို့စိတ်ဝင်စားဆွေးနွေးခဲ့တဲ့ ကစားသမားကို ဆက်မဆွေးနွေးခဲ့ပါဘူး။

ရှော်လ်ကေးကတော့ သူတို့ရဲ့ကစားသမားကို ပေါင်သန်း (၄၀)အထိသတ်မှတ်ထားတဲ့အတွက် နှစ်သင်းကြား ပေါင်သန်း (၃၀)အထိရောက်မယ့် အနေအထားကို ဆွေးနွေးနေပါတယ်။ ပေါင်သန်း (၂၀) ကနဦးပြောင်းကြေး + နောက်ထပ် (၁၀)သန်းနဲ့ခေါ်ဖို့ ဆွေးနွေးနေပြီး၊ အပြီးသတ်ပဲခေါ်ယူဖို့ ညှိနေပါတယ်။ လီဗာပူးဖက်က ပိုအားစိုက်လာတာက ဗန်ဒိုက်အနေနဲ့ တရာသီလုံးပါဝင်ဖို့ မသေချာတော့လို့ပါ။

ရှော်လ်ကေးကတော့ ကာဘက်ကေို စတုဂတ်ကနေ ပေါင် (၁၃)သန်းနဲ့ ခေါ်ပြီး တနှစ်အကြာမှာပဲ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် တန်ဖိုးကို မြင့်တင်ထားပါတယ်။ တူရကီအတွက်လည်း လက်ရွေးစင်မှာ ပါဝင်ကစားထားပြီဖြစ်တဲ့ ကာဘက်ကို လီဗာပူးရဲ့အရှိန်မြင့်ချဉ်းကပ်လာမှု၊ ဗန်ဒိုက်မပါဝင်နိုင်သေးတဲ့ လစ်လပ်မှု၊ တွေကြောင့် လာမယ့်ဇန်နဝါရီမှာ လီဗာပူးကစားသမားအဖြစ်မြင်ရမလားက စောင့်ကြည့်သွားရပါမယ်။

Aung Bwa – SportsGabar