နေမာ၊ ဘာပေတို့မလုပ်ထားနိုင်တဲ့ စံချိန်ကို အတူတူတွဲကစားပြီး အရယူနိုင်ခဲ့တဲ့ မွိုက်စ်ကိန်း

လီဂူးဝမ်းပွဲစဉ်အနေနဲ့ ဒီဂျွန်ကို ပီအက်စ်ဂျီတို့ (၄-ဝ)နဲ့အနိုင်ကစားတဲ့ပွဲမှာ အသင်းရဲ့အငှားခေါ်ယူထားတဲ့ တိုက်စစ်မှူး မွိုက်စ်ကိန်းတယောက် (၂)ဂိုးသွင်းယူခဲ့ပါတယ်။ အဲဗာတန်ကနေ အငှားနဲ့လာကစားတဲ့ အသက် (၂၀)အရွယ်တိုက်စစ်မှူးဟာ ပွဲအစ (၃)မိနစ်လောက်မှာပဲ ဘက်ကာ ဖန်တီးပေးတဲ့အလုံးကို ဘိုင်စကယ်ကစ်ပြီး၊ ပီအက်စ်ဂျီအတွက် အဖွင့်ကိုလှပစေခဲ့ပါတယ်။

နောက်ထပ် (၂၃)မိနစ်အရောက်မှာပဲ နေမာရဲ့ထပ်ဖန်တီးပေးမှုကို ဂိုးအဖြစ်ပြောင်းလဲပေးနိုင်ခဲ့ပြီး၊ ခေါင်းတိုက်စွမ်းဆောင်ရည်လည်း မနိမ့်တဲ့အနေအထားတရပ်ကို ပြခဲ့ပြန်ပါတယ်။ နောက်တော့ ၇၃ မိနစ်အရောက်မှာ ဖြတ်ထုတ်ပုံကြမ်းခဲ့တဲ့ ဒီဂျွန်ကစားသမားကြောင့် ဒဏ်ရာရသွားခဲ့ပြီး၊ သူ့နေရာကို အမ်ဘာပေနဲ့ လူစားလဲခဲ့ပါတယ်။

အမ်ဘာပေကလည်း လူစားဝင်လာပြီး၊ နှစ်ဂိုးထပ်သွင်းသွားချိန်မှာ ပီအက်စ်ဂျီတို့ လေးဂိုးအထိဦးဆောင်နိုင်ခဲ့ပါတယ်။ နေမာကတော့ နှစ်ယောက်လုံးကို (၂)ကြိမ်စီ ဖန်တီးပေးခဲ့တယ်ဆိုရမှာပါ။ ပီအက်စ်ဂျီရဲ့ ခြောက်ပွဲဆက် လီဂူးဝမ်းနိုင်ပွဲလည်းဖြစ်၊ တိုက်စစ်ပိုင်းဆိုင်ရာ အပြောင်းလဲမှာ မွိုက်စ်ကိန်းဆီကနေလည်း နေရာတနေရာရှာနိုင်ခဲ့တဲ့အပေါ် ကစားသမားကိုယ်တိုင်ကလည်း စံချိန်တင်နိုင်ခဲ့ပါတယ်။

အသက် (၂၀)အရွယ်မှာပဲ ဥရောပထိပ်သီးလိဂ်သုံးခုအတွက် ဂိုးအသီးအသီးသွင်းနိုင်ပေးခဲ့တဲ့စံချိန်ပါ။ ဂျူဗင်တပ်မှာ ရော်နယ်ဒိုနဲ့ ပွဲထွက်ခွင့်ရခဲ့ပြီး၊ ဂိုးတွေသွင်းခဲ့ချိန် ၁၉ နှစ်သားမှာပဲ မွိုက်စ်ကိန်းကို အဲဗာတန်က ဝယ်ယူခဲ့ပါတယ်။ အဲဗာတန်ဝယ်ယူပြီးချိန်မှာ တရာသီလုံးပွဲထွက်မှာ ခြေစွမ်းမပြနိုင်ခဲ့ချိန်၊ သွင်းဂိုးအနည်းငယ်နဲ့ ရှိနေချိန်မှာပဲ ဒီနှစ်အပြောင်းအရွှေ့မှာ အပြီးသတ်ရောင်းချခွင့်ပါတဲ့အချက်နဲ့ မွိုက်စ်ကိန်းကို ပီအက်စ်ဂျီဆီအငှားချခဲ့ပါတယ်။

အငှားနဲ့ ပြောင်းကစားပြီး အခုလိုပွဲထွက်ခွင့်ရချိန်မှာတော့ သွင်းဂိုး (၂)ဂိုးနဲ့ ပါဝင်ပတ်သက်ခဲ့ပြီး၊ အသက် (၂၀)မှာပဲ ဥရောပထိပ်သီးလိဂ်သုံးခုမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပါပြီ။ ဒီစံချိန်ကို ရမယ့်သူက လိဂ်သုံးခုလောက်အနည်းဆုံးပြောင်းကစားထားရမှာဖြစ်တဲ့အတွက် သွင်းဂိုး (၂)ဂိုးနဲ့ ဂိုးဖန်တီးမှု (၂)ကြိမ်လုပ်ထားတဲ့ နေမာ၊ ဘာပေတို့တောင် မတင်ဖူးသေးတဲ့စံချိန်အဖြစ် မွိုက်စ်ကိန်းက ထူးထူးခြားခြားတင်လိုက်ပြီဖြစ်ပါတယ်။

Thu Yay – MMUN