စာချုပ်တန်ဖိုး ပေါင် (၅၂)သန်းအထိ မြင့်တက်လာတဲ့ ဆွန်ယောင်မင်ရဲ့ စာချုပ်သစ်

မော်ရင်ဟိုလက်အောက်မှာ ခါတိုင်းနှစ်တွေထက် ပိုထူးချွန်အောင်စွမ်းဆောင်ပြနေတဲ့ ဆွန်ယောင်မင်ဟာ လက်ရှိမှာ ရပ်တန့်မရဖြစ်နေပါတယ်။ ရှစ်ပွဲကစား (၉)ဂိုးသွင်း၊ လေးကြိမ်ပံ့ပိုးမှုနဲ့ သွင်းဂိုး (၁၃)ဂိုးအထိအကျိုးပြုထားချိန်မှာ ဆွန်ယောင်မင်ကို အသင်းမှာ ရေရှည်လက်တွဲသွားဖို့ တော့တင်ဟမ်ဖက်က ပြင်ဆင်ခဲ့ပါတယ်။ ပမာဏ ယူရိုသန်း (၆၀) (ပေါင် (၅၂)သန်းအထိ ရှိလာမယ့် စာချုပ်သစ်နဲ့ပါ။

Football Insider က ဖော်ပြခဲ့တဲ့ သတင်းအရ စပါးဟာ ဆွန်ယောင်မင်အတွက် တပတ်ကို ပေါင် (၂)သိန်းရမယ့် စာချုပ်တခုကို ကမ်းလှမ်းခဲ့ပြီလို့သိရပါတယ်။ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ ဘောနပ်စ်တွေ ပါဦးမယ့်အနေအထားအရ ဆွန်ယောင်မင်ရဲ့လစာဟာ ပေါင်(၂)သိန်းမကရဖို့ရှိနေပါတယ်။ အသင်းရဲ့စာချုပ်ကြေးအများဆုံးဖြစ်တဲ့ ဟယ်ရီကိန်းနဲ့ လစာငွေတူလာနိုင်ဖို့ရှိနေပါတယ်။

စုစုပေါင်း (၅)နှစ်တာချုပ်ဆိုမှာဖြစ်တဲ့အတွက် ဆွန်ယောင်မင်အတွက် လစာချည်းပဲကို (၅)နှစ်လုပ်ခ ပေါင် (၅၂)သန်း တန်လာမယ်လို့ဆိုပါတယ်။ လက်ရှိမှာ ၂၈ နှစ်ရှိနေတဲ့ ဆွန်ယောင်မင်ကို (၃၃)နှစ်သားအထိ ကွက်တိဆိုသလို ချုပ်ထားမယ့် စာချုပ်အရ ဆွန်အနေနဲ့ စပါးဂန္ဓဝင်ဖြစ်လာဖို့ အခြေအနေကောင်းနေပါပြီ။ လက်ရှိစာချုပ်က (၂၀၂၃)မှာ ကုန်ဆုံးမှာပါ။

အစပိုင်းမှာ ပေါင် (၁)သိန်းခွဲနဲ့ ဆွန်ကိုညှိနှိုင်းမှုစတင်ခဲ့ပေမဲ့ စပါးအသင်းကိုယ်တိုင်က လစာပြန်ပြောင်းတိုးပေးခဲ့တာလို့ဆိုပါတယ်။ ဒီစာချုပ်ကို ဒီနှစ်ထဲမှာပဲ အပြီးသတ်ချုပ်သွားနိုင်ဖို့ ဘုတ်အဖွဲ့ကိုယ်တိုင်က ဖိအားပေးနေပြီး၊ ဆွန်ရဲ့စာချုပ်သက်တမ်းကို အသစ်ပြန်ပြင်ချုပ်ဖို့ အလျင်စလိုဖြစ်နေတယ်လို့ သိရပါတယ်။ အခုလို မဖြစ်မနေချုပ်ဖို့ လုပ်ဆောင်နေတာက ဆွန်အမြင့်ဆုံးရောက်နေချိန်မှာ ဈေးနည်းနည်းနဲ့ ပေးခေါ်သွားမှာစိုးလို့ဖြစ်ပါတယ်။

အာရှမှာလည်း ပုံရိပ်ကြီးမားတဲ့အပြင် အသင်းအတွက် အဓိကလူဖြစ်လာတဲ့ ဆွန်တယောက် (၂၀၁၅)မှာ လေဗာကူဆင်ကနေ စပါးကို ပြောင်းလာခဲ့ပါတယ်။ (၂၃၇)ပွဲကစား၊ (၉၄)ဂိုးသွင်း ၊ (၅၁)ကြိမ်ပံ့ပိုးမှုနဲ့ တကယ့်ကို စွမ်းဆောင်ရည်ကောင်းတွေကို ပြထားနိုင်ခဲ့သူပါ။ အခုအချိန်မှာ အကောင်းဆုံးအချိန်ရောက်နေပြီဖြစ်တဲ့အတွက် စပါးရဲ့စာချုပ်သစ်က ဆွန်အတွက် ညှိနှိုင်းဖို့ အသင့်ဖြစ်နေခဲ့ပြီလို့ဆိုရမှာပါပဲ။

Aung Bwa – SportsGabar