လီဗာပူးနဲ့ပွဲက ကွင်းလယ်ဒိုင်နဲ့ VAR ဒိုင်ကို ပစ်ဖို့ဒ်ကိုအနီကတ်မပြခဲ့တဲ့အတွက် စစ်ဆေးတော့မည်

အဲဗာတန်နဲ့ လီဗာပူး မာဆေးဆိုက်ဒါဘီမှာ ဗန်ဒိုက်ဒဏ်ရာရသွားတဲ့ အဖြစ်အပျက်ကို မှတ်မိဦးမယ်ထင်ပါတယ်။ ဂျော်ဒန်ပစ်ဖို့ဒ်နဲ့ ဗာဂျယ်ဗန်ဒိုက်တို့ ပင်နယ်တီဧရိယာထဲ ထိခိုက်မိတဲ့အနေအထားမှာ ဗန်ဒိုက်တယောက်ဒူးဒဏ်ရာရသွားခဲ့ချိန်၊ ပစ်ဖို့ဒ်ကို အပြစ်ဒဏ်မပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ VAR ပြန်ကြည့်ပြီးတော့ကို မပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

အဲဒီပွဲကို ကိုယ်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်က မိုက်ကယ်အိုလီဗာနဲ့ VAR ဒိုင်ကတော့ ဒေးဗစ်ကိုတေးပါ။ ဆုံးဖြတ်ချက်တွေက အတော်လေးကို သံယသရှိစရာကောင်းခဲ့တဲ့အနေအထားမှာ နှစ်ယောက်လုံးကို သမာဓိဒိုင်တွေနဲ့ စစ်ဆေးတော့မယ်လို့သိရပါတယ်။ ရာသီဝက်တိုင်းမှာ တခါပြန်လည်ဆွေးနွေးမှုလုပ်တဲ့ ဒိုင်ထိပ်သီးပိုင်းဆိုင်ရာ အစည်းအဝေးမှာ ဒီကိစ္စကိုကိုင်တွယ်မှာဖြစ်ပါတယ်။

ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာကို ကွင်းထဲမှာ အဝါကတ်တောင်မပြခံခဲ့ရတဲ့ ပစ်ဖို့ဒ်နဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်တွေဟာ ဘက်လိုက်မှုရှိမရှိစစ်ဆေးမှာပါ။ ပစ်ဖို့ဒ်အနေနဲ့ ဗန်ဒိုက်ကို ကျူးလွန်ခဲ့တဲ့လုပ်ရပ်က အနီကတ်အထိ ပြသလို့ရခဲ့ပေမဲ့ မိုက်ကယ်အိုလီဗာက အပြစ်မပေးဖို့ဆုံးဖြန်ခဲ့တာနဲ့ VAR ဒိုင် ဒေးဗစ်ကိုတေးကပါ အပြစ်မရှိဘူးလို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် ပြန်စုံစမ်းတော့မှာဖြစ်ပါတယ်။

VAR ဒိုင်က ပြစ်ဒဏ်ကျူးလွန်မှုနဲ့ပတ်သက်လို့ ပြန်ကြည့်ခဲ့ရမှာဖြစ်ပေမဲ့ သူ့အနေနဲ့ လူကျွံအရင်ဖြစ်နေတယ်လို့ ထောက်ပြခဲ့ပါတယ်။ ဗန်ဒိုက်ကိစ္စက နောက်မှဖြစ်သွားတဲ့အတွက် လူကျွံဘောလို့သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ထပ်အနိုင်ဂိုးဖြစ်တဲ့ ပွဲပြီးခါနီးဂိုးမှာ လူကျွံပေးခဲ့တာနဲ့ပတ်သက်လို့ VAR ဒိုင် ဒေးဗစ်ကိုတေးကို VAR ဒိုင်တာဝန်တွေကနေ ဒီတပတ်အတွက် ရပ်ဆိုင်းထားပြီဖြစ်ပါတယ်။

နှစ်ဦးလုံးကို စစ်ဆေးမယ့်အဖွဲ့က PGMOL လို့ခေါ်တဲ့ ပရော်ဖက်ရှင်နယ် ပြိုင်ပွဲ ဒိုင်လူကြီး လိမိတက်ကနေ ကိုင်တွယ်မှာဖြစ်ပါတယ်။ ပြစ်ဒဏ်ထင်ရှားခဲ့တာ လုပ်ပွဲကစားခဲ့တာဆိုရင် နှစ်ဦးစလုံးအနေနဲ့ ပရီးမီးယားလိဂ်ဒိုင်လူကြီးအဖြစ်ကနေ ရာထူးထုတ်ပယ်ခံရဖို့ အလားအလာများနေပါပြီ။ မိုက်ကယ်အိုလီဗာအနေနဲ့ကတော့ စစ်ဆေးမှုအပြီးမှပဲ ရလဒ်ထွက်လာဖို့ရှိနေပါတယ်။

Aung Bwa – SportsGabar