မန်ဒီလက်စွမ်းပြနေပြီးနောက် ကီပါကို စပိန်အသင်းတသင်းဆီအငှားစေလွှတ်ဖို့ ချဲလ်ဆီးပြင်ဆင်

စပိန်သတင်းဌာန အက်စတာဒီယို ဒီပို့ဒီပို့ရဲ့ ဖော်ပြချက်က ချဲလ်ဆီးပထမဦးစားပေးဂိုးသမား ကီပါတယောက် အငှားနဲ့ထွက်ကစားဖို့ရှိနေတယ်လို့ သိရပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း ထွက်ခွာချင်နေပြီး၊ သူ့ရဲ့လက်ရှိလက်စွမ်းအရ အမှားတွေများနေတဲ့အပေါ် ခေါ်ယူမယ့်အသင်းရှိမနေခဲ့ပါဘူး။ ဒီအချိန်မှာ စပိန်ကလပ် ဆီဗီးလားက ကစားသမားကိုအငှားနဲ့ခေါ်ဖို့ စိတ်ဝင်စားလာပါတယ်။

လမ်းပတ်ကလည်း မန်ဒီဟာ နံပါတ်တစ်ဂိုးသမား အဖြစ်ရွေးချယ်လိုက်ပြီလို့ အတည်ပြုထားတဲ့အတွက် ကီပါတယောက် ပွဲထွက်ကို မသေချာတော့ပါဘူး။ ဒါ့အပြင် ချဲလ်ဆီးရဲ့ဂိုးသမားစာရင်းမှာ ကာဘယ်လီယိုအပြင် ပီတာချက်ကိုပါ ဂိုးသမားအနေနဲ့ထည့်သွင်းထားပါသေးတယ်။ ဒါဟာ ကီပါကို လာမယ့်ရာသီဝက်မှာ အငှားချဖို့ ကလပ်တခုခုနဲ့ သဘောတူသွားဖို့ရှိနေပြီလို့ သတင်းဌာနကဖော်ပြခဲ့ပါတယ်။

အဲဒီကလပ်ကလည်း ချန်ပီယံလိဂ်အုပ်စုပွဲမှာ (ဝ-၀)နဲ့သရေကျခဲ့တဲ့ ဆီဗီးလားဖြစ်နေပြန်ပါတယ်။ အခုလိုရွေးချယ်လိုက်တာကြောင့် ကာဘယ်လီယိုဟာ ဒုတိယဦးစားပေးဖြစ်လာပြီဖြစ်ပြီး၊ ပီတာချက်ဟာ တတိယဦးစားပေးဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ချဲလ်ဆီးဂိုးသမား မန်ဒီကတော့ သူ့အပေါ်လမ်းပတ်ပေးထားတဲ့ မှတ်ချက်တွေကို ဆက်ကြိုးစားသွားရမှာဖြစ်တယ်လို့ပဲ ပြောခဲ့ပြီး၊ ကီပါနေရာရခဲ့ပြီလားကို မဖြေကြားခဲ့ပါဘူး။

ဆီဗီလာက ချဲလ်ဆီးကို အငှားအတွက် စုံစမ်းခဲ့တာတွေက သူတို့ရဲ့ဂိုးသမားနေရာအတွက် ရေရှည်ခေါ်ယူမှုလုပ်ဖို့ပါ။ အငှားခေါ်ထားတဲ့ တခြားဂိုးသမားတွေဖြစ်တဲ့ ဂျူအန် ဆိုရီယာနိုကိုလည်း မာလာဂါကို ကစားသမားပြန်အပ်ခဲ့ပြီး၊ ဆာဂျီယို ရီကိုကို ပီအက်စ်ဂျီကို ယူရိုခြောက်သန်းနဲ့ လက်လွှတ်လိုက်ရမှုတွေကြောင့် ထိပ်တန်းဂိုးသမားတဦးလိုအပ်နေပါတယ်။ ဒီအနေအထားမှာ ကီပါကိုအငှားချိတ်ဆက်လာတာဖြစ်ပါတယ်။

ဆီဗီလာအနေနဲ့ လက်ရှိစာချုပ်ထားတဲ့ ဂိုးသမား ဘိုနိုကိုလည်း လက်စွမ်းကို သံသယရှိနေဆဲဖြစ်ပြီး၊ လေးနှစ်စာချုပ်ထားပေမဲ့ ထိပ်တန်းဂိုးသမားတဦးအတွက် ကီပါကို အငှားလိုချင်နေတာဖြစ်ပါတယ်။ ကီပါဟာ ချဲလ်ဆီးကို ယူရိုသန်း (၇၀) ကမ္ဘာ့စံချိန်တင်ကြေးနဲ့ ပြောင်းလာသူဖြစ်ပေမဲ့ လက်တွေ့မှာ မြေပြင်စွမ်းဆောင်ရည်တွေက ဝေဖန်စရာဖြစ်နေပြီး၊ အခုလိုပွဲထွက်အာမခံချက်ပါ ပျောက်ဆုံးနေပြီဖြစ်ပါတယ်။

Aung Bwa – SportsGabar