ဘရူနိုဖာနန်ဒက်လို စွမ်းဆောင်ပေးနိုင်မယ့် နောက်ထပ်ကစားသမားကို ထုတ်ြပောလိုက်တဲ့ရိုင်ယန်ဂစ်

ဘရူနိုဖာနန်ဒက်ကို ခေါ်ယူပြီးချိန်မှာ အစစပြောင်းလဲသွားတဲ့ ယူနိုက်တက်ရဲ့ ကစားဟန်တွေကြောင့် ရိုင်ယန်ဂစ်အနေနဲ့ နောက်ထပ်တဦးကိုမျှော်လင့်နေပါတယ်။ အသင်းကို အငှားနဲ့ တစ်နှစ်ရောက်လာတဲ့ကာဗာနီကြောင့် တိုက်စစ်ပိုင်းတွေမှာ ဆိုးလ်ရှားခေါင်းခဲနေရတာကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်နေပြီး၊ ဖာနန်ဒက်လိုပဲစွမ်းဆောင်ပြလိမ့်မယ်လို့ ဂစ်ကယူဆနေပါတယ်။

အသင်းရဲ့ကွင်းလယ်ကို ပြောင်းလဲပြီးချိန်မှာ အသင်းရဲ့တိုက်စစ်ကိုပါ ထပ်ပြောင်းလဲသွားနိုင်မယ်လို့ ယုံကြည်နေတာပါ။ ဝေးလ်နည်းပြအနေနဲ့ ကာဗာနီကို သူရင်ဆိုင်ဖူးခဲ့တဲ့ အတွေ့အကြုံအရ ယူနိုက်တက်ရဲ့တိုက်စစ်ကို ဘယ်လိုပြောင်းလဲပေးမလဲကို Goal သတင်းဌာနက အခုလိုဖော်ပြခဲ့ပါတယ်။ ” ကျွန်တော်ဝေးလ်အသင်းအတွက်ဒုတိယမြောက်ပွဲကို တာဝန်စယူတော့ ကာဗာနီနဲ့ရင်ဆိုင်ရဖူးတယ်’

‘ ပွဲထဲမှာဆိုရင် ကာဗာနီက လူးဝစ်ဆွာရက်ထက်ကို ပိုကောင်းတယ်။ ဆွာရက်မကောင်းဘူးလို့တွေးတာမဟုတ်ဘူးနော်။ ကာဗာနီက တကယ့်ကို ထိန်းချုပ်ဖို့ခက်တယ်။ သူမကစားတာနည်းနည်းကြာနေတော့ ပြန်ကစားချိန်မှာ နည်းနည်းလေးအသားမကျတာလေးတွေတော့ ရှိနိုင်တယ်။ ဒါပေမဲ့ ဆိုးလ်ရှားဘာကို ရထားလဲ၊ ဆိုးလ်ရှားရထားတာက ဗဟိုတိုက်စစ်မှူး ‘

” အဲဒီနေရာက ပရိသတ်တွေအများ တောင်းဆိုနေတဲ့နေရာ။ ကာဗာနီက တိုက်စစ်ကိုဦးဆောင်နိုင်တဲ့ ကစားသမားတယောက်ပဲ။ ကျွန်တော်တို့မှာ တောင်ပံမှာကစားနိုင်တဲ့ ရက်ရှ်ဖို့ရှိတယ်။ ဗဟိုတိုက်စစ်တပိုင်း၊ တောင်ပံတပိုင်း ကစားနိုင်တဲ့ မာရှယ်ရှိတယ်။ ကာဗာနီက ဗဟိုတိုက်စစ်မှူး၊ ဂိုးသွင်းမယ့်သူပေါ့။ အတွေ့အကြုံတွေ့လည်း အများကြီးရှိထားတဲ့သူ’

” ကျွန်တော်မျှော်လင့်နေတာက ဘရူနိုမှာရှိတာမျိုးလိုပဲ။ ကာဗာနီကြောင့် သူ့ဘေးမှာကစားမယ့် ကစားသမားတွေကို ပိုတောင်ကောင်းလာစေပါဦးမယ်’ လို့ ဂစ်ကထောက်ပြခဲ့ပါတယ်။ တကယ်လည်း ကာဗာနီရဲ့စွမ်းဆောင်ရည်တွေက ထိပ်တန်းအဆင့်အနေအထားရှိခဲ့သူပါ။ အခုအချိန်မှာ ပွဲထွက်ခွင့်မရသေးပေမဲ့ ဆိုးလ်ရှားလိုအပ်နေတဲ့နေရာကို ဖြည့်ပေးမှာတော့ မလွဲပါဘူး။ ဂစ်ပြောသလိုဖြစ်လာမလားပဲကြည့်ရမှာဖြစ်ပါတယ်။

Aung Bwa – SportsGabar