ပေါင်သန်း (၇၀)လောက် အရှုံးပေါ်ခဲ့တဲ့ ယူနိုက်တက်ရဲ့ဘဏ္ဍာရေးထုတ်ပြန်ချက်

မန်ချက်စတာယူနိုက်တက်ရဲ့ဘဏ္ဍာရေးရှင်းတမ်း ထုတ်ပြန်ချက်အရ (၂၀၁၉-၂၀)ရာသီ ဘဏ္ဍာရေးနှစ်မှာ ပေါင်သန်း (၇၀)အရှုံးပေါ်ခဲ့တယ်လို့သိရပါတယ်။ ကိုဗစ်ရဲ့နောက်ဆက်တွဲကြောင့် တိုက်ရိုက်ဖြစ်လာတဲ့ ပမာဏလို့ဆိုရမှာပါ။ ဒီဘဏ္ဍာရေးနှစ်ကိုတော့ ဇွန်လ (၃၀)ရက်နေ့ (၂၀၂၀)အထိ ရှိခဲ့တဲ့ ယူနိုက်တက်ရဲ့ တနှစ်တာ ဝင်ငွေစာရင်းအရ ဖော်ပြခဲ့တာဖြစ်ပါတယ်။

(၂၀၁၈-၁၉)မှာ ယူနိုက်ရဲ့တနှစ်တာဝင်ငွေဟာ စုစုပေါင်းပေါင်သန်း (၆၂၉)အထိရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့ ဝင်ငွေစုစုပေါင်းက ပေါင် (၅၀၉)သန်းပဲရှိပါတော့တယ်။ ရာခိုင်နှုန်းနဲ့တွက်ပြရရင် မနှစ်ကထက် (၁၈.၈)ရာခိုင်နှုန်းအထိ ပြုတ်ကျခဲ့တာပါ။ အရှုံးပေါ်ခဲ့တဲ့ပမာဏကတော့ ပေါင်သန်း (၇၀)ဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ တွက်ထားတာက ဒီနှစ်မှာ ပေါင်သန်း(၅၈၀)လောက်ဝင်မယ်လို့ပါ။

ဒါပေမဲ့ ကွင်းထဲကို ပရိသတ်တွေဝင်ခွင့်မရချိန်မှာတော့ ကွင်းဝင်ကြေးတွေ ဆုံးရှုံးခဲ့ပါတယ်။ အဲဒီဆုံးရှုံးခဲ့တဲ့ ငွေတွေက ကွင်းဝင်ကြေးတွေလို့လည်း ပြောလို့ရပါတယ်။ ချန်ပီယံလိဂ်ကို ဝင်တဲ့နှစ်တွေမှာ ယူနိုက်တက်ရဲ့တနှစ်တာ ကွင်းဝင်ကြေးတွေဟာ စုစုပေါင်းပေါင်သန်း (၅၀) ပမာဏအထက်မှာရှိပါတယ်။ နောက်ထပ်လျော့သွားတဲ့ငွေတွေက ရုပ်သံလွှင့်ခတွေထပ်ပါမှာဖြစ်ပါတယ်။

အကြွေးပမာဏမှာတော့ ယူနိုက်တက်အနေနဲ့ အတော်လေးကို ဆိုးရွားခဲ့ပါတယ်။ နဂိုရှိရင်းစွဲ အကြွေးပမာဏကနေမှ နှစ်ဆကျော်လောက်ခုန်တက်သွားတာပါ။ အရင် ပေါင်သန်း (၂၀၃.၆)သန်းရှိတာကနေ ပေါင် (၄၇၄.၁)သန်းအထိ မြင့်တက်သွားခဲ့ပါတယ်။ ကြွေးကတော့ ဒီကာလမှာ အသင်းတိုင်းအခက်အခဲဖြစ်တဲ့အတွက် ချေးငွေတွေအများကြီး ယူပြီးကျားကန်ထားရတာဖြစ်တဲ့အတွက် အပြစ်တော့ဆိုလို့မရပါဘူး။

ဝင်ငွေလျော့သွားတဲ့အထဲမှာ ထင်သာမြင်သာရှိတာက ရုပ်သံဝင်ငွေလည်းပါပါတယ်။ ပေါင်သန်း (၂၄၀.၂)သန်းရှိခဲ့တဲ့ ရုပ်သံဝင်ငွေဟာ ဒီနှစ်မှာ ပေါင် (၁၄၁.၂) သန်းပဲရပါတော့တယ်။ ရာခိုင်နှုန်းအနေနဲ့တွက်ရင် (၄၁.၉)ရာခိုင်နှုန်းအထိ လျော့နည်းသွားတာပါ။ ရှင်းတမ်းအရဆိုရင် ဝင်ငွေပေါင်သန်း (၇၀)ဆုံးရှုံး၊ အကြွေးနှစ်ဆကျော်တင် အမြတ်ငွေမရှိခဲ့တဲ့ ဘဏ္ဍာရေးနှစ်လို့ဆိုရမှာပါပဲ။

Aung Bwa – SportsGabar