ကမ္ဘာ့အသက်ကြီးဆုံး ဘောလုံးသမားဖြစ်လာတဲ့ မြေးခြောက်ယောက်ပိုင်ရှင်ကစားသမား

အသက်ဆိုတာ ကိန်းဂဏန်းတခုပါပဲ။ ဒီစကားကို သက်သေပြနေတာက ကလေးလေးယောက်နဲ့ ြမေးခြောက်ယောက်ရှိတဲ့ ဘောလုံးသမားကြီးကပါ။ ကမ္ဘာ့အသက်အကြီးဆုံး ပရော်ဖက်ရှင်နယ်ဘောလုံးသမားဆိုတဲ့ ဂုဏ်ပုဒ်ကိုရေးထိုးဖို့ တရားဝင်ကလပ်တခုမှာ ကစားပြီးစံချိန်တင်ခဲ့ရပါတယ်။ အသက် (၇၄)နှစ်ရှိနေတဲ့ သူ့နာမည်က အက်ဇယ်ဒင်ဘယ်ဟတ်ဒါလို့ခေါ်ပါတယ်။

ဘယ်ဟတ်ဒါ ဒီစံချိန်ရဖို့ကြိုးစားချိန်မှာ အသက် (၇၄)နှစ်အရွယ်မှာ စကြိုးစားခဲ့ပါတယ်။ ကောင်းမွန်တဲ့ ခန္ဓာကိုယ်နဲ့ ကြံ့ခိုင်မှုအပြည့်ရှိနေတဲ့ သူ့ဟန်က အီဂျစ်တတိယတန်းလိဂ်တခုမှာ ကစားရဖို့ စာချုပ်နိုင်ခဲ့ပါတယ်။ အချိန်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလောက်ကပါ။ စာချုပ်ပြီးသွားချိန်မှ ပွဲထွက်ကစားနိုင်ဖို့နဲ့ ကမ္ဘာ့ဂင်းနစ်စံျချိန် စာအုပ်မှာဝင်ဖို့ ကြိုးစားခဲ့ပါတယ်။

မတ်ချ်လလောက်အရောက်မှာ သူ့အိပ်မက်တွေပြည့်ဝခဲ့ပြီး၊ ပထမဆုံးပွဲထွက်ကို ကစားခဲ့ရပါတယ်။ ကစားရုံတင်မကပါဘူး။ အသင်းအတွက် ဂိုးတဂိုးကို ပင်နယ်တီကနေ တဆင့်သွင်းနိုင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ တရားဝင်ဖြစ်လာဖို့ဆိုရင် ဘယ်ဟတ်ဒါတယောက် မိနစ် (၉၀)အပြည့် တပွဲကို ကစားရဖို့လိုပါတယ်။ အခုတော့ ဆန္ဒပြည့်ဝသွားခဲ့ပါပြီ။

ယခင်စံချိန်ရှင်ဟောင်း (၇၃)နှစ်အရွယ် အိုင်ဆက်

ပြီးခဲ့တဲ့ စနေနေ့ အောက်တိုဘာလ (၁၈)ရက်နေ့မှာ သူ့အသင်းဟာ အယ်အေရက်စပေါ့ဆိုတဲ့ အသင်းနဲ့အကြိတ်အနယ်ကန်ခဲ့ရပါတယ်။ အဲဒီပွဲမှာ ပါဝင်ကစားခဲ့ပြီး၊ (၃-၂)နဲ့ ရှုံးခဲ့တယ်လို့သိရပါတယ်။ ပင်နယ်တီတလုံးတောင်လွဲခဲ့ပါသေးတယ်။ မိနစ် (၉၀)ပြည့် ပါဝင်ကစားနိုင်ခဲ့ချိန်မှာ ဂင်းနစ်စံချိန်တင်ဖို့ အချက်အလက်ပြည့်စုံသွားခဲ့ပြီဖြစ်တဲ့အတွက် ဂင်းနစ်မှတ်တမ်းဝင်သွားပြီဖြစ်ပါတယ်။

ပျော်ရွှင်ဖွယ်ရာအတိဖြစ်ခဲ့တာက မြေးဖြစ်သူတွေက ဘောလုံးပွဲကိုအားပေးရင်း စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘယ်ဟတ်ဒါကစားခဲ့တဲ့ ကလပ်နာမည်ကလည်း အတော်လေးမှတ်ရလွယ်ပါတယ်။ 6th October လို့ နာမည်ရပါတယ်။ အောက်တိုဘာ ၆ ရက်လို့နာမည်ရတဲ့အသင်းနဲ့ အောက်တိုဘာ ၆ ရက်မှာတင်နိုင်ခဲ့ရင်ပိုကောင်းမှာဖြစ်ပေမဲ့ (၁၈)ရက်နေ့မှာတင်ခဲ့တာကလည်း မဆိုးဘူးလို့ဆိုရမှာပါပဲ။

Aung Bwa – SportsGabar