မထင်မှတ်ထားတဲ့ တာထွက်နှုန်းနဲ့ ဥရောပမှာ Perfect Start ဖြစ်နေတဲ့ ဗီလာနဲ့ အေစီ

ဥရောပထိပ်သီးလိဂ်ခြောက်ခုမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ တာထွက်နေတဲ့ အသင်းနှစ်သင်းဟာ ဗီလာနဲ့ အေစီမီလန်ပဲကျန်တော့တယ်လို့သိရပါတယ်။ Perfect Start လို့ တင်စားတဲ့ အဆိုပါတာထွက်နှုန်းကို အသင်းတွေဟာ နိုင်ပွဲတောက်လျှောက်နဲ့တာထွက်နေတာမျိုးမှာချီးကျူးကြပါတယ်။ အစက အေစီမီလန်တသင်းတည်းဦးဆောင်နေရာကနေ လက်စတာကို နိုင်လိုက်တဲ့ဗီလာကြောင့်နှစ်သင်းရှိလာပါတယ်။

ဗီလာအနေနဲ့ ရှက်ဖီး၊ ဖူဟမ်၊ လီဗာပူးနဲ့ နောက်ဆုံးလက်စတာကို နောက်ဆုံးမိနစ်ဂိုးနဲ့နိုင်အပြီးမှာ လေးပွဲဆက်နိုင်ပွဲနဲ့ (၁၂)မှတ်ရှိလာပါပြီ။ အီတလီမှာလည်း အခုလိုမျိုး လေးပွဲကစားလေးပွဲဆက်နိုင်နေတာက အေစီမီလန်ပါ။ ဘိုလော့နာ၊ ခရိုတုန်း၊ စပီဇီရာ၊ အင်တာမီလန်တို့အသင်းတွေကို ဆက်တိုက်အနိုင်ကန်လာပြီးချိန်မှာ ရာနှုန်းပြည့်နိုင်ပွဲဆက်နေတာဖြစ်ပါတယ်။

အေစီမီလန်ရဲ့နိုင်ပွဲဆက်နေရတဲ့ အဓိကအချက်က မိုဗချ်ရဲ့ ဂိုးသွင်းစွမ်းရည်တွေကြောင့်ဆိုလည်း မမှားပါဘူး။ အသင်းရဲ့ (၉)ဂိုးမှာ (၄)ဂိုးအထိ သွင်းထားတဲ့အပြင် နောက်ဆုံးအင်တာကို (၁-၂)နဲ့နိုင်တဲ့ပွဲမှာ ၂ ဂိုးလုံးကို မိုဗစ်ချ်ကပဲ သွင်းခဲ့တာဖြစ်ပါတယ်။ ဗီလာအသင်းရဲ့အခုလို နိုင်ပွဲဆက်နေတဲ့အဓိက အချက်က ဂရီရယ်လစ်ရှ်နဲ့ ရော့ဘာကလေတို့ရဲ့ ကွင်းလယ်မောင်းနှင်အားတွေကြောင့်ပါ။

အခုလိုလေးပွဲဆက်ကို ရာသီအစနိုင်တာမျိုးဟာ ဗီလာရဲ့ပရီးမီးယားလိဂ်သက်တမ်းတလျှောက်မှာ မရှိပါဘူး။ နောက်ဆုံးအနေနဲ့ တခါဖြစ်ဖူးတာက (၁၉၃၀-၃၁) ခုနှစ်ကာလ တုန်းက အင်္ဂလန်ပထမတန်းလိဂ်မှာ လေးပွဲဆက်အနိုင်ရဖူးပါတယ်။ လက်ရှိနည်းပြ ဒီယန်စမစ်လက်အောက်မှာ အခုလိုစံချိန်ကောင်းတွေကို ရနေတာက ဗီလာရဲ့ နွေရာသီလူအင်အားဖြည့်တင်းမှုတွေကြောင့်ဆိုလည်းမမှားပါဘူး။

အေစီမီလန်အနေနဲ့ အခုလိုမျိုး လေးပွဲဆက်နိုင်ဖူးတာက (၁၉၉၅-၉၆)ခုနှစ်မှာ တခါရှိခဲ့ဖူးပါတယ်။ စီးရီးအေပွဲစလေးပွဲလုံးကို အခုလိုပဲ ပွဲစနိုင်ခဲ့တာဖြစ်ပါတယ်။ နောက်လာမယ့် ပွဲ့က ရိုးမားနဲ့ဖြစ်တဲ့အတွက် ငါးပွဲဆက်နိုင်ဖို့ရာ မလွယ်တော့ပါဘူး။ ဒါပေမဲ့ နှစ်သင်းတည်းကျန်တော့တဲ့ အသင်းအနေနဲ့ ဘယ်နှစ်ပွဲအထိဆက်သွားနိုင်မလဲ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

Aung Bwa – SportsGabar