လစာလျှော့မယူဘူးနဲ့ လျှော့ယူရင် ဇန်နဝါရီမှာထွက်ဖို့ ဆုံးဖြတ်လိုက်တဲ့ ကစားသမား (၃)ဦး

ကိုဗစ် (၁၉)အကြပ်အတည်းကာလမှာ ဘဏ္ဍာငွေတွေလျော့နည်းနေခဲ့တဲ့ အသင်းကိုကူညီဖို့ ဘာစီလိုနာကစားသမားတွေအနေနဲ့ လစာလျှော့ယူရဖို့ရှိနေပါတယ်။အကြွေးပမာဏများနေတဲ့အပြင် လူခေါ်ယူမှုတွေမလုပ်နိုင်ခဲ့တဲ့ ကလပ်ကိုကူညီဖို့ မတ်ချ်လတုန်းက ကူညီခဲ့တဲ့အတိုင်းပြန်ကူညီရမယ့်ပုံစံပါ။။ ပြီးခဲ့တဲ့ မတ်ချ်လတုန်းကလည်း ဘာစီလိုနာကစားသမားတွေဟာ လစာလျှော့ယူခဲ့ဖူးပါတယ်။

ပွဲတွေကို ပိတ်ထားရတဲ့ပုံစံအနေအထားက ကွင်းဝင်ကြေးကို မျှော်ကိုးလို့မရတော့ပါဘူး။ တပွဲကို လက်မှတ်အနိမ့်ဆုံး (၅)သောင်းအထက်ရောင်းနေရတဲ့ ဘာစီလိုနာလိုအသင်းအတွက် ဒီပမာဏက တခြားအသင်းတွေထက်ထိခိုက်ခဲ့ပါတယ်။ နောက်ဆုံး မတတ်နိုင်ချိန်မှာ ကြိုကာကွယ်ဖို့ မတ်ချ်လမှာ လစာလျှောတဲ့အစီအစဉ်နဲ့ ကလပ်က ကစားသမားတွေကို တောင်းဆိုခဲ့ပါတယ်။

Burofax လို့ ခေါ်တဲ့ ဘာစီလိုနာရဲ့အစီအစဉ်က ကစားသမားတွေဟာ လစာကိုလျှော့ယူမယ့်အကြောင်း လက်မှတ်ထိုးပေးရပါတယ်။ ကလပ်ကိုကူညီဖို့ဖြစ်တဲ့အတွက် စေတနာဝန်ထမ်းလိုဖြစ်သွားမယ့် သဘောပါ။ လစာအတိုင်းအတာတခုအထိတော့ ရဦးမယ်ဆိုပါတယ်။ ကစားသမားတွေ အင်တင်တင်ဖြစ်နေတဲ့ စာချုပ်ကို အခုချိန်မှာတော့ သုံးဦးက အတိအလင်းကန့်ကွက်လိုက်ပါပြီ။

ကတ်တလန်ရာ ရေဒီယိုဆိုတဲ့ ရေဒီယိုချန်နယ်ကနေ ဘာစီလိုနာရဲ့တာစတီဂျန်၊ ဒီဂျောင်၊ လင်ဂလတ် သုံးယောက်ဟာ ဘာစီလိုနာမှာ သူတို့ရနေတဲ့ လစာရဲ့ငွေကို လျှော့ယူဖို့မဆုံးဖြတ်ထားဘူးလို့ဆိုပါတယ်။ အကယ်လို့ မဖြစ်မနေလျှော့ယူလက်မှတ်ထိုးရမယ်ဆိုရင် ဇန်နဝါရီမှာပဲ အသင်းကထွက်ခွာဖို့ရှိနေပါတယ်။ မဖြစ်မနေ လက်မှတ်ထိုးရမယ်ဆိုရင် စာချုပ်ပါသဘောတူညီချက်မှာ ဇန်နဝါရီမှာထွက်ခွင့်ပေးရမယ်လို့ ထည့်ချုပ်မှာပါ။

အတွင်းရေး ပြဿနာတွေအများစုတက်နေခဲ့တဲ့ ဘာစီလိုနာအတွက် ဒီသတင်းကသိပ်တော့ မကောင်းပါဘူး။ ဆွာရက်ပြဿနာပြီးတာမကြာသေးခင်မှာပဲ အခုလိုကစားသမားတွေကပါ အသင်းလုပ်ရပ်ကို ဆက်သည်းမခံဖို့ ပြင်ဆင်နေပါပြီ။ ကစားသမားတွေဖက်ကကြည့်ရင်လည်း အခွန်နဲ့ တခြားပြဿနာတွေရှိသေးတဲ့အတွက် အိတ်စိုက်ပြီး ကန်ရမယ့်သဘောမျိုးကတော့ မဖြစ်သင့်တာအမှန်ပါပဲ။

Aung Bwa – SportsGabar