ဒူးဒဏ်ရာခွဲစိတ်ရမယ့်အပေါ် ပရိသတ်တွေကို သူပြန်လာမှာဖြစ်ကြောင်းအားပေးခဲ့တဲ့ဗန်ဒိုက်

အဲဗာတန်နဲ့မာဆေးဆိုက်ဒါဘီမှာ ကန်ခဲ့တဲ့ပွဲအပြီး၊ ဗန်ဒိုက်တယောက် ဒဏ်ရာအခြေအနေဆိုးရွားခဲ့တာကို ပရိသတ်တွေသိခဲ့ကြပါတယ်။ ခန့်မှန်းမှုတွေမျိုးစုံထွက်လာခဲ့ပြီးနောက်မှာ ACL ကို ခွဲစိတ်မှုခံယူတော့မယ်လို့ အတည်ပြုခဲ့ပြီး၊ ကာလရှည်အနားယူရမယ့် ခွဲစိတ်မှုတခုကို စတင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့အင်စတာဂရမ်မှာ အခုလိုခွဲစိတ်မှုခံယူရတဲ့အပေါ် မစိုးရိမ်ကြဖို့နဲ့ သူပြန်လာမှာဖြစ်တဲ့အကြောင်းကို ရေးသားခဲ့ပါတယ်။

” ရင်ဆိုင်လာရတဲ့ စိန်ခေါ်မှုအတွက် ကျွန်တော် ရယ်ဒီဖြစ်နေပါပြီ။ ကျွန်တော်အခု မြန်မြန်ဆန်ဆန်သက်သာလာဖို့ကိုပဲ အာရုံစိုက်ထားပါတယ်။ ဖြစ်နိုင်သမျှမြန်မြန် ပြန်လာနိုင်ဖို့ ကျွန်တော်အကုန်လုံး လုပ်ဆောင်သွားမှာပါ။ အခုလို စိတ်ပျက်ဖို့ ကောင်းတဲ့အဖြစ်အပျက်မျိုးတွေကြုံရပေမဲ့ အခက်အခဲတွေကြားထဲမှာမှ အခွင့်အရေးတွေရှိတယ်ဆိုတာကို ခိုင်ခိုင်မာမာယုံကြည်တဲ့သူပါ။”

” ဘုရားသခင်ရဲ့အကူအညီနဲ့ ကျွန်တော်ပိုကောင်းကောင်းပြန်လာနိုင်မယ်ဆိုတာကို ကျွန်တော်သေချာသလောက်ရှိပါတယ်။ ပိုကြံခိုင်ပြီး၊ အရင်ကထက် ပိုသန်မာလာတာမျိုးနဲ့ပေါ့။ ဘောလုံးလောကမှာ ဘဝနစ်မြူပ်ထားထဲ့အတွက် ဖြစ်လာသမျှအားလုံးဟာ အကြောင်းတခုကြောင့်ဖြစ်လာတာလို့ ကျွန်တော်အကုန်လုံးကိုတွေးပါတယ်။ ‘

” အမြဲတမ်းဦးဆောင်နေတဲ့ အနေအထားမျိုးကို ထိန်းထားဖို့ဆိုရင် အနိမ့်အမြင့်အတက်အကျတွေကို ဖြတ်သန်းရချိန်မှာ ကြိုးစားနေဖို့ကပဲ အရေးကြီးပါတယ်။”ဆိုပြီး ပရိသတ်ကို အသိပေးခဲ့ပါတယ်။ ACL ဆိုတာက ဒူးခေါင်းအရှေ့ဘက်က အရွတ်ထိခိုက်သွားတဲ့ ဒဏ်ရာမျိုးပါ။ ဒူးဖြစ်နေတဲ့အတွက် ပြန်ကောင်းသွားအောင်လိုအပ်တဲ့ အစားထိုးခွဲစိတ်မှုလိုမှာဖြစ်ပါတယ်။

ခွဲစိတ်မှုတခုပြုလုပ်တာနဲ့ ကာလရှည်နားရမှာဖြစ်ပြီး၊ လနဲ့ချီကို ကြာမြင့်မှာပါ။ ခန့်မှန်းခြေ (၇-၈)ကြားလို့ Bein Sports က သုံးသပ်ထားတဲ့အတွက် တရာသီကုန်သွားမှပဲ ဗန်ဒိုက်အနေနဲ့ ကြံ့ခိုင်မှုအပြည့်ဖြစ်လာမယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါပေမဲ့ အတည်တကျ နားရမယ့်ရက်ကိုတော့ ခွဲစိတ်မှုအောင်မြင်မှုပေါ်မူတည်ပြီး၊ လီဗာပူးအသင်းက တရားဝင်ထုတ်ပြန်မှာဖြစ်ပါတယ်။

Aung Bwa – SportsGabar