နံနက်ပိုင်းအားကစားသတင်းတိုများ (၁၉.၁၀.၂၀၂၀)

ဟယ်ရီကိန်း၊ ဆွန်၊ အထူးခြေစွမ်းပြပြီး၊ ပွဲအစမှာကတည်းက (၃)ဂိုးပြတ်ဦးဆောင်ခဲ့တဲ့ စပါးဟာ ဝက်စ်ဟမ်းနဲ့ ပွဲအပြီးမှာ (၃-၃)သရေကျခဲ့ပါတယ်။ စပါးအသင်းရဲ့ပေးဂိုးတွေ ပြန်ပေးရမှုက မော်ရင်ဟိုရဲ့ခံစစ်ကစားပုံကို အတော်လေး သုံးသပ်စရာဖြစ်ခဲ့သလို ဝက်စ်ဟမ်းရဲ့ကြိုးစားအားထုတ်မှုတွေကလည်း ချီးကျူးစရာကောင်းခဲ့ပါတယ်။

လက်စတာအသင်းနဲ့ အက်စတွန်ဗီလာအသင်းကစားခဲ့တဲ့ပွဲစဉ်မှာ နာကျင်အချိန်ပို နောက်ကျအနိုင်ဂိုးတလုံးတည်းနဲ့အတူ ဗီလာတို့နိုင်ပွဲဆက်ခဲ့ပါတယ်။ ဘာကလေ (၉၀+၁)မိနစ်မှာမှ အသင်းအတွက် အနိုင်ဂိုးကို ရှာဖွေပေးခဲ့ပြီး၊ ဗီလာတို့ အံ့အားသင့်ဖွယ်ရာ စွမ်းဆောင်ရည်တွေကို ပြသထားနိုင်ခဲ့ပါတယ်။

ရှက်ဖီးယူနိုက်တက်နဲ့ ဖူလ်ဟမ်တို့ ကစားခဲ့တဲ့ပွဲစဉ်ကတော့ (၁-၁)သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ ရှက်ဖီးအနေနဲ့ ဒီရာသီမှာ ခြေစွမ်းကောင်းတွေပျောက်ဆုံးနေပြီး၊ အထိုင်မကျသေးတဲ့အပေါ် ရလဒ်ကောင်းတွေကိုရဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

ပဲလေ့စ်နဲ့ ဘရိုက်တန်အသင်းပွဲမှာ တိုက်စစ်မှူး ဇာဟာအနေနဲ့ ပင်နယ်တီကနေ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဘရိုက်တန်ရဲ့တိုက်စစ်ဆင်မှုတွေကြောင့် မိနစ် (၉၀)မှာ ချေပဂိုးတွေပြန်ပေးလိုက်ရပြီး၊ သရေပွဲတပွဲနဲ့ပဲ ကျေနပ်လိုက်ရတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းတိုက်စစ်မှူး မီဒမ်မာကတော့ စပါးကို (၆-၁)နဲ့အနိုင်ရတဲ့ အိမ်ကွင်းပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ အမျိုးသမီးစူပါလိဂ်သွင်းဂိုး စုစုပေါင်း (၅၀)အထိရှိလာခဲ့ပြီး၊ ပထမဆုံးအနေနဲ့ စံချိန်တင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လီဗာပူးနောက်ခံလူ ဗန်ဒိုက်ကတော့ သူ့ရဲ့ဒဏ်ရာကို ခွဲစိတ်မှုခံယူတော့မယ်လို့ ဆိုပါတယ်။ ဒူးအရွတ်ကြောထိခိုက်မှုအတွက် လိုအပ်တဲ့ကုသမှုကိုခံယူတော့မှာဖြစ်တဲ့အတွက် ကာလရှည်ကို လီဗာပူးပွဲစဉ်တွေကို လွဲချော်မှာဖြစ်ပါတယ်။ ခန့်မှန်းခြေ (၇)လလောက်ကြာမြင့်မှာဖြစ်ပါတယ်။

Aung Bwa – SportsGabar