စည်းကြပ်ဒိုင်ပုခုံးပေါ် လက်တင်လိုက်တဲ့ ကိစ္စနဲ့ပတ်သက်လို့ အဂူရိုဖက်က ကာကွယ်ပြောကြားလိုက်တဲ့ ပတ်ဂွါဒီယိုလာ

မန်စီးတီးနဲ့ အာဆင်နယ်အသင်း(၁-ဝ)ပွဲစဉ်မှာ ဘောလုံးပွဲနဲ့မဆိုင်တဲ့ ကွင်းအတွင်းအဖြစ်အပျက်လေးတခုရှိခဲ့ပါတယ်။ တိုက်စစ်မှူး အဂူရိုတယောက် စည်းကြပ်ဒိုင်လူကြီး ရိုဆီနာ အယ်လင်ခန်ကို ပုခုံးပေါ်ကို အမူမဲ့အမှတ်မဲ့လိုလိုနဲ့ လက်တင်လိုက်တဲ့ကိစ္စပါ။ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုအသွင်ဆောင်သွားတဲ့အနေအထားတရပ်ကို ပွဲချိန်တွင်းမြင်လိုက်ရချိန်မှာ ဝေဖန်စရာဖြစ်လာခဲ့ပါတယ်။

စကိုင်းစပေါ့ရဲ့ ရုပ်သံသုံးသပ်သူ မီကာရစ်ချက်က ပွဲချိန်တွင်းတိုက်ရိုက်တင်ဆက်မှုမှာ အခုလိုလုပ်ရပ်ဟာ မလုပ်သင့်တာကို အားကစားသမားတွေအနေနဲ့ ပိုသိသင့်တယ်လို့ တည့်ဝေဖန်လိုက်ပါတယ်။ မီကာရစ်ချက်ဖက်က နည်းနည်းလေး တည့်ပြောသလိုဖြစ်သွားတဲ့ စကားလုံးတွေပါခဲ့ပါတယ်။ ” အဂူရိုအနေနဲ့ ဒါကိုလုပ်ဖို့ဆန္ဒမရှိဘူးလို့ ကျွန်တော်တွေးထားပါတယ်’

” ခင်ဗျားအနေနဲ့ ဒိုင်တွေကို လေးစားရမယ်။ ကျွန်တော်အမြင်တော့ ဒိုင်လူကြီးကလည်း ဒီအခြေအနေကို ကောင်းကောင်းကိုင်တွယ် ဖြေရှင်းလိုက်တယ်လို့ ထင်တယ်။ အဂူရိုကတော့ ဒါကိုပိုပြီးတော့သိလိမ့်မယ်ထင်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ဒီဖြစ်ရပ်အပေါ်မှာ စဉ်းစားနေစရာမလိုဘူးလို့ထင်ပါတယ်။ အဂူရိုကလည်း ဒိုင်တွေကို ဒီလိုမျိုးထိလို့မရဘူးဆိုတာသိပါတယ်။ ဒါက ကြည့်လို့လည်းမကောင်းဘူးလေ။’

” အဲဒါက ကြည့်မကောင်းရုံတင်မဟုတ်ဘူး။ ကျွန်တော်တို့ လုပ်ဖို့ကို မလိုတာ။ ခင်ဗျားအမှတ်မရချင်တဲ့လမ်းကြောင်းတခုကို အမှတ်ရဖို့စလိုက်သလိုမျိုးပဲ။ အဂူရိုအနေနဲ့ အဲဒါထက်ပိုသိသင့်ပါတယ်။ ‘လို့ ဆိုခဲ့ပါတယ်။ မီကာရစ်ချက်က အဂူရို လုပ်ဖို့ဆန္ဒမရှိဘူးယူဆပေမဲ့ လုပ်ကိုမလုပ်ခဲ့သင့်ကြောင်းကို ထောက်ပြခဲ့တာပါ။ဒီစကားကြောင့် နည်းပြဖြစ်သူ ပတ်ဂွါဒီယိုလာတယောက် တပည့်ဖြစ်သူကို ကာကွယ်ဖို့ ဖြစ်လာပါပြီ။

အဂူရိုအနေနဲ့ ဘာသဘောမှမရှိဘဲ ပုံမှန်ဖြစ်ရပ်တခုလို သဘောထားပေးဖို့ ပွဲအပြီးအင်တာဗျူးမှာ ဖြေကြားပေးခဲ့ပါတယ်။ ” ကိုယ့်လူတွေရ၊ ဆာဂျီယိုဆိုတာ ကျွန်တော့်ဘဝမှာ တွေ့ဖူးသမျှထဲ အယဉ်ကျေးဆုံးလူတယောက်လို့ ဆိုလို့ရတယ်။ တခြားအခြေအနေတွေမြင်ရရင် ပြဿနာရှာကြပါ။ ဒီဖြစ်ရပ်မှာတော့ မရှာကြပါနဲ့ဗျ” လို့ဆိုခဲ့ပါတယ်။ အဂူရိုရဲ့လုပ်ရပ်ဟာ သာမန်သဘောရိုးပဲဖြစ်တာကို ဆိုလိုခဲ့တာဖြစ်ပါတယ်။ အခုလိုပြဿနာတွေကို သမားရိုးကျအမြင့်နဲ့ကြည့်ရင် ကိစ္စမရှိပေမဲ့ မီဒီယာတွေမြင်ကွင်းမှာတော့ အပြောမလွတ်ဘူးလို့ဆိုရမှာပါပဲ။

Aung Bwa – SportsGabar