ယူနိုက်တက် ရလဒ်တွေဆိုးနေတာဟာ သူ့မှာပဲ တာဝန်ရှိပါတယ်ဆိုတဲ့ ဆိုးလ်ရှား

ရာသီအစကတည်းက ရလဒ်တွေဆိုးနေတဲ့ ဆိုးလ်ရှားနဲ့ မန်ယူနိုက်တက်အသင်းသားတွေဟာ ဝေဖန်မှုတွေခံနေရပါတယ်။ အထူးသဖြင့်အိမ်ကွင်းရှုံးပွဲနှစ်ပွဲကြုံထားရတဲ့အပြင် ဘရိုက်တန်ကို အချိန်ပိုဂိုးနဲ့နိုင်ထားတဲ့အနေအထားက ယူနိုက်တက်ရဲ့စွမ်းဆောင်ရည်ကို မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ စပါးကို (၁-၆)နဲ့ရှုံးခဲ့တဲ့ပွဲကကစားသမားတွေရဲ့ ခြေစွမ်းနဲ့ အသင်းလိုက်ခြေစွမ်းက အတော်လေးကို အနိမ့်ဖက်ရောက်နေပါတယ်။

ပွဲစဉ် (၄)အဖြစ် ပရီးမီးယားလိဂ်နောက်တပွဲကစားရမယ့်အချိန်မှာတော့ နယူးကာဆယ်နဲ့တွေ့လာပါပြီ။ ပွဲကြိုရှင်းလင်းပွဲမှာ လက်ရှိယူနိုက်တက်ကြုံနေရတဲ့ ခြေစွမ်းတွေနဲ့ အနေအထားတွေအတွက် ဘယ်သူမှာတာဝန်ရှိလဲအပေါ် မေးခွန်းထုတ်ချိန်မှာ ဆိုးလ်ရှားက တာဝန်ယူမှုအပြည့်နဲ့ပဲ သူ့မှာတာဝန်ရှိတဲ့အကြောင်းအခုလို ဖြေဆိုပေးခဲ့ပါတယ်။

” အပြစ်တင်နေတာတွေက ကျွန်တော့်အပေါ်ပဲဖြစ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က မန်နေဂျာပါ။ ကျွန်တော်မှာ တာဝန်ရှိပါတယ်။ ကျွန်တော်လက်ထောင်ထားမှာပါ။ ခင်ဗျားက ယူနိုက်တက်ရဲ့အစိတ်အပိုင်းပဲဖြစ်နေနေ ဒါမှမဟုတ် ဝန်ထမ်းပဲဖြစ်နေနေ ဒါကိုနားလည်ရမယ်။ ခင်ဗျားအနေနဲ့ စိတ်ပိုင်းဆိုင်ရာအရ လုံးဝမာကျောနေရမယ်။”

” အခုကာလက ကျွန်တော်အတွက်တော့ သက်သေပြဖို့နောက်ထပ်အခွင့်အရေးပဲ၊ ပြီးတော့ ကစားသမားတွေကို ဘယ်လောက်ထိယုံကြည်ကြောင်းပြောရမယ့်အချိန်ပဲ၊ အခုကတော့ နောက်လာမယ့်နယူးနဲ့ပွဲကိုပဲ အာရုံစိုက်ရမှာပါ။ ဘာလို့လဲဆိုတော့ နယူးကာဆယ်ကလည်း အမှတ်တွေရအောင်စွမ်းဆောင်နိုင်နေတယ်။ ပြီးတော့အမှတ်ပေးဇယားအထက်ကိုတက်နေတယ်လေ။’

” ပြင်ပဖိအားတွေဆိုတာကတော့ အမြဲ ရှိပါတယ်။ ကျွန်တော်တို့ စည်းစည်းလုံးလုံးရှိဖို့လိုတယ်။ ကျွန်တော်တို့ကအုပ်စုတခု ကျွန်တော်တို့ အတူတူရပ်တည်တယ်။ အကယ်လို့ ပွဲတပွဲကိုရှုံးတာနဲ့ ခင်ဗျားအနေနဲ့ နောက်တပွဲမှာ ခင်ဗျားအေနနဲ့ ပြန်လာဖို့လည်းလိုတယ်။ အဲဒါကို နယူးကာဆယ်ကိုရင်ဆိုင်တဲ့ပွဲမှာ အဲဒါကိုလုပ်ဖို့ အခွင့်အရေးရှိနေတယ်။ ”

ဆိုးလ်ရှားရဲ့ပြောကြားချက်အရတော့ သူ့တို့အနေနဲ့ နယူးကာဆယ်ပွဲမှာ အနိုင်ကန်ဖို့ လိုအပ်နေတာကို ပြနေပါတယ်။ ယူနိုက်တက်ရဲ့ရှုံးပွဲတွေအပေါ်သူတာဝန်အပြည့်ရှိတယ်လို့ ဆိုးလ်ရှားပြောအပြီးမှာပဲ နယူးကာဆယ်ကိုရင်ဆိုင်တော့မှာဖြစ်ပါတယ်။ အဝေးကွင်းမှာသွားကစားရမှာဖြစ်တဲ့အတွက် အဝေးကွင်းရလဒ်ကောင်းတွေရထားတဲ့ ဆိုးလ်ရှားအနိုင်ရလဒ်ရမလားက စိတ်ဝင်စားစရာပါပဲ။