မန်ယူကိုရင်ဆိုင်မယ့်ပွဲမှာ နေမာပါမပါနဲ့ နီမက်ကိုဂိုးပြတ်နိုင်တဲ့ပွဲမှာထည့်မကန်တဲ့အကြောင်းရှင်းပြလိုက်တဲ့ နည်းပြ

မနေ့ညက ရင်ဆိုင်ကစားခဲ့တဲ့ နီမက် ဝ-၄ ပီအက်စ်ဂျီပွဲစဉ်မှာ နေမာဂျူနီယာတယောက်မပါဝင်ခဲ့ပါဘူး။ ပရိသတ်တွေအနေနဲ့ ဒဏ်ရာ ဒါမှမဟုတ် ကြံ့ခိုင်မှုမပြည့်ဝတဲ့အနေအထားတွေရှိမှာကို စိုးရိမ်ခဲ့ပြီး၊ နေမာမပါဝင်နိုင်တဲ့ အနေအထားကို သတိထားမိခဲ့ပါတယ်။ ဘာအကြောင်းကြောင့် မပါဝင်နိုင်ခဲ့တာလဲနဲ့ နေမာအခြေအနေက ချန်ပီယံလိဂ်ပွဲစဉ်အနေအထားတွေအတွက် စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။

ပီအက်စ်ဂျီနည်းပြ သောမတ်တူချယ်ကတော့ ပရိသတ်တွေရဲ့စိုးရိမ်မှုကို စိတ်အေးစေမယ့် အဖြေတခုကို ပွဲအပြီးမှာ ဖြေပေးလိုက်ပါတယ်။ နေမာကို ထည့်မကန်ခဲ့တာက အနားပေးတာဖြစ်ပြီး၊ ဘာအကြောင်းကြောင့်ဆိုတာကို အခုလိုရှင်းပြခဲ့ပါတယ်။ ” နေမာမှာ ဘာပြဿနာမှာ ရှိမနေပါဘူး (ဒဏ်ရာ၊ ပွဲပန်း) ကျွန်တော်တို့နှစ်ယောက် စကားပြောခဲ့ကြတယ်။’

” ကျွန်တော် အမ်ဘာပေနဲ့ စကားပြောခဲ့သလိုမျိုးပေါ့။ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးမှုရှိခဲ့တယ်။ ပြီးတော့ ကျွန်တော်ဒီနေ့ကစားမယ့်ပွဲမှာ သူ့ကိုအနားပေးဖို့ ဆုံးဖြတ်လိုက်တယ်။ နေမာက မနက်ဖြန်မှာ ကျွန်တော်တို့နဲ့အတူတူရှိနေမှာပါ။ သူလေ့ကျင့်ခန်းဆင်းမယ် ပြီးရင် မန်ချက်စတာယူနိုက်တက်ကို ရင်ဆိုင်မယ့်ပွဲအတွက် သူရယ်ဒီဖြစ်နေပါလိမ့်မယ်’

” နေမာ ကျိန်းသေပေါက်ကို မန်ယူနဲ့ပွဲမှာ ပါမှာဖြစ်ပါတယ်။ ‘လို့ဆိုခဲ့ပါတယ်။ ဒီရာသီပီအက်စ်ဂျီရဲ့ ခုနှစ်ပွဲမှာ နေမာဟာ လေးပွဲအထိမပါထားပါဘူး။ အနီကတ်ပြစ်ဒဏ်တွေအပြင် အခုပွဲအပါအဝင်ပါ။ မတူညီတာက နေမာပါဝင်ရင် မနှစ်က ပီအက်စ်ဂျီဟာ အနိုင်ရမှု (၈၆.၇)ရာခိုင်နှုန်းရှိပေမဲ့ မပါခဲ့ရင်တော့ (၇၅)ရာခိုင်နှုန်းပဲရှိတဲ့အထိ အနိုင်ရလဒ်ကွာခြားမှုရှိနေပါတယ်။

တဖက်မှာတော့ ပြင်သစ်အတွက် ကစားပေးပြီး (၄၈)နာရီအတွက် နီမက်ကို (၂)ဂိုးသွင်းပေးသွားတဲ့ အမ်ဘာပေကို အခုလိုချီးကျူးခဲ့ပါတယ်။ ” ကျွန်တော်တို့ဒီနေ့မှာ လုပ်ပြနေတာမျိုကို နှစ်တိုင်းလိုလိုလုပ်ပြနေဖို့က မလွယ်ပါဘူး။ ကျွန်တော်မနေ့က အမ်ဘာပေနဲ့ စကားပြောတော့ သူကပွဲထွက်ပါနိုင်တယ်လို့ပြောချိန်မှာ ဝင်ကန်ခိုင်းဖို့ ဒီဆုံးဖြတ်ချက်ကို လေးစားမှုအပြည့်နဲ့ချမှတ်ပေးခဲ့ပါတယ်။”

” သူက သူလုံးဝခံစားလို့ကောင်းနေပြီး၊ တကယ်ကစားချင်နေတယ်လို့ဆိုခဲ့ပါတယ်။ အမ်ဘာပေက ပွဲအဖြေကိုပြောင်းသွားအောင်စွမ်းဆောင်နိုင်သူပါ။ ဒါက ကျွန်တော်တို့ဒီနေ့လုပ်နေသလိုမျိုးပါပဲ။ ပြီးတော့ အဲဒါက ကောင်းပါတယ်။’လို့ ချီးကျူးခဲ့ပါတယ်။ ပီအက်စ်ဂျီနဲ့ မန်ယူနိုက်တက်ပွဲစဉ်ကတော့ (၂၁)ရက်နေ့ ပီအက်စ်ဂျီအိမ်ကွင်းမှာ ချန်ပီယံလိဂ်အုပ်စုပွဲအနေနဲ့ ကစားရမှာဖြစ်ပါတယ်။

Aung Bwa – SportsGabar