ရီးရဲလ်မှာကစားနိုင်ဖို့က သူ့အိပ်မက်ပါဆိုလာတဲ့ ပေါ့ဘာကိုမှတ်ချက်ပေးလိုက်တဲ့ ဆိုးလ်ရှား

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြင်သစ်အတွက်ကစားပေးရင်း သူ့ရဲ့အနာဂတ်အကြောင်းကို ဖွင့်ဟခဲ့တဲ့ပေါ့ဘာကြောင့် ယူနိုက်တက်ပရိသတ်တွေ စိတ်ပျက်နေကြပါတယ်။ လက်ရှိယူနိုက်တက်ကစားသမားဖြစ်ပေမဲ့ ရီးရဲလ်မက်ဒရစ်လိုအသင်းမှာကစားရဖို့က သူ့အိပ်မက်ပါလို့ဆိုခဲ့တာကြောင့်ပါ။ ယူနိုက်တက်ဖက်ကလည်း စာချုပ်သစ်မဆွေးခဲ့ရင် ရီးရဲလ်နဲ့စာချုပ်သစ်ကိစ္စကို အနာဂတ်မှာလုပ်ဆောင်နိုင်ဖို့ ပေါ့ဘာတယောက်ဖွင့်ဟခဲ့တာပါ။

စာချုပ်သက်တမ်းကလည်း နှစ်နှစ်ပဲကျန်တော့တဲ့အနေအထားမှာ ပေါ့ဘာကို ယူနိုက်တက် တာဝန်ရှိသူတွေက စာချုပ်သစ်မဆွေးနွေးထားပါဘူး။ ကစားသမားရဲ့ခြေစွမ်း၊ လစာ၊ ဒဏ်ရာမကြာခဏရနေတဲ့အချက်က အနာဂတ်မှာ ထုတ်ရောင်းသွားဖို့ရှိနေပြီး၊ ပေါ့ဘာနဲ့ ယူနိုက်တက်လမ်းခွဲဟာ ထင်မှတ်မထာတာမျိုး ဖြစ်သွားနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

ဒါကြောင့်စာချုပ်ကိစ္စနဲ့ ပတ်သက်လို့ ပေါ့ဘာရဲ့ရီးရဲလ်အပြောင်းအရွှေ့အပေါ် မှတ်ချက်အပေါ် နယူးကာဆယ်နဲ့ပွဲမတိုင်ခင်ဆိုးလ်ရှားကို မေးခွန်းထုတ်ခဲ့ပါတယ်။ ဆိုးလ်ရှားကတော့ ထုံးစံအတိုင်းသူ့ကစားသမားတွေကို ကာကွယ်တတ်သူပီပီ သင့်တော်တဲ့ မှတ်ချက်ကိုပဲပေးခဲ့ပါတယ်။ ” ပေါလ်ပေါ့ဘာက ကျွန်တော်တို့မန်ယူရဲ့ ကစားသမားပါ။ သူ့အနေနဲ့ဒီမှာ နှစ်နှစ်လောက်ကစားသမားဖြစ်ရှိနေဦးမှာဖြစ်ပါတယ်။”

” ကျွန်တော့်အနေနဲ့ သေချာပေါက်ပြောနိုင်တာက ပေါ့ဘာဟာ ကျွန်တော်တို့အတွက် သူ့ရဲ့အကောင်းဆုံးဆိုတာတွေပေးနိုင်ဖို့ အာရုံစိုက်ထားပါတယ်။ ကျွန်တော်တို့ကလည်း ပေါလ်အနေနဲ့ အကောင်းဆုံးလုပ်ပြတာကိုမြင်ချင်ပါတယ်။ သူ့ဆီကနေ အကောင်းဆုံးဆိုတာတွေကိုလည်း နောက်ထပ်နှစ်နှစ်လောက် ကျွန်တော်တို့ထပ်ရနေဦးမယ်လို့ ယုံကြည်ပါတယ်။’ဆိုပြီး၊ ပြောခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့မှတ်ချက်မှာ ယူနိုက်တက်ဖက်က ပေါ့ဘာကို စာချုပ်သစ်အတွက် စကားပြောသွားမယ်လို့ မပါခဲ့ပါဘူး။ ဒီအချက်က ကစားသမားကို ယူနိုက်တက်အနေနဲ့ တန်ရာတန်ကြေးတခုရရင်လက်လွှတ်ဖို့ရှိနေတဲ့အနေအထားလို့ဆိုနိုင်ပါတယ်။ ဒဏ်ရာရပြီးကတည်းက အကောင်းဆုံးပုံစံမရှိသေးတဲ့ ပေါ့ဘာတယောက် ယူနိုက်တက်နဲ့ အနာဂတ်မှာစာချုပ်သွားနိုင်မလားက ဒီနှစ်ခြေစွမ်းအပေါ်မူတည်နေတယ်လို့ သုံးသပ်ရမှာပါပဲ။

Aung Bwa – SportsGabar