အနီကတ်ကြောင့် အင်္ဂလန်အသင်းရှုံးသွားပေမဲ့ မက်ဂွဲယားကို အပြည့်အဝထောက်ခံတယ်ဆိုတဲ့ ဆောက်ဂိတ်

အင်္ဂလန်လက်ရွေးစင်အတွက် ပါဝင်ကစားပေးနေတဲ့ နေရှင်းလိဂ်ပွဲစဉ်မှာ နောက်ခံလူ မက်ဂွဲယားဟာ နှစ်ဝါတနီနဲ့ထုတ်ခံခဲ့ရပါတယ်။ ပွဲကစားချိန် (၃၁)မိနစ်မှာပဲ နှစ်ဝါဖြစ်သွားခဲ့ချိန်၊ (၁၀)တည်းနဲ့ ဒိန်းမတ်ကိုရင်ဆိုင်ခဲ့ရပြီး၊ (ဝ-၁)နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ လူတယောက်လျော့သွားတဲ့အနေအထားက ဒိန်းမတ်တို့ကွင်းလယ်ကိုပိုထိန်းချုပ်သွားနိုင်ခဲ့သလိုဖြစ်ကာ အင်္ဂလန်တို့ ယုံကြည်ချက်ပျောက်ဆုံးခဲ့တယ်ဆိုရမှာပါ။

ဒါပေမဲ့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ သူ့ကစားသမားနဲ့ပတ်သက်လို့ အပြည့်အဝကာကွယ်ပေးခဲ့ပါတယ်။ အသင်းရှုံးသွားတဲ့အထိဖြစ်ခဲ့ပေမဲ့ မက်ဂွဲယားကို ထောက်ခံမှုအပြည့်ပေးမှာပါလို့ အခုလိုဆိုခဲ့ပါတယ်။ “သူ့မှာတော်တော်လေးကို ခက်ခဲတဲ့ကာလကိုရောက်နေပါတယ်။ အခုလိုကာလမျိုးမှာဆိုရင် ခင်ဗျားလည်း ခင်ဗျားဘာသာ သင်ယူနိုင်မှာပါ”

” အခုလို ခက်ခဲတဲ့အချိန်တွေမှာ ဘယ်သူကကိုယ့်အနားမှာရှိနေတယ်တာကို သင်ယူနိုင်မယ်။ သူဒါကို ဖြတ်ကျော်နိုင်မှာပါ။ သူပိုကောင်းတဲ့ ကစားသမားဖြစ်လာမယ်နောက်ပြီး၊ အဲဒါတွေအတွက်လည်း ပိုသန်မာတဲ့သူဖြစ်လာလိမ့်မယ်။ (၁၀)ယောက်အနေအထားကို ရောက်သွားတယ်ဆိုတာက အသင်းအတွက်သေချာပေါက်ကို နစ်နာစေခဲ့ပါတယ်။ ‘

” ဒါပေမဲ့ ကျွန်တော်တို့ သူနောက်မှာ အပြည့်အဝရပ်တည်သွားမှာပါ။ ကျွန်တော်တို့ မက်ဂွဲယားကိုအပြည့်အဝထောက်ခံသွားမှာပါ။ ” လို့ဆောက်ဂိတ်က ပြောခဲ့ပါတယ်။ ဆောက်ဂိတ်အနေနဲ့ မက်ဂွဲယားရဲ့ဒုတိယအဝါကတ်နဲ့ပတ်သက်လို့အပြစ်မတင်ခဲ့ပါဘူး။ ယုံကြည်မှု ပျောက်ဆုံးနေပုံရတဲ့မက်ဂွဲယားအနေနဲ့ ဂရိဖြစ်စဉ်ပြီးကတည်းက ခြေစွမ်းအပေါ် ဆက်တိုက်ဝေဖန်မှုတွေ ခံနေရတာဖြစ်ပါတယ်။

အင်္ဂလန်အနေနဲ့ ဒိန်းမတ်ကို ဂိုးပေါက်ကန်သွင်းခွင့် (၁၅)ကြိမ်၊ ဂိုးပေါက်တည့်မှု (၅)ကြိမ်နဲ့ရှိခဲ့ပေမဲ့ ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့တာက မက်ဂွဲယားတခုတည်းအဖြေမဟုတ်တာကိုပြနေပါတယ်။ ပွဲတွင်းထူးခြားဖြစ်စဉ်ကတော့ ပွဲပြီး၊ (၉၀+၄)မိနစ်မှာမှ နောက်ခံလူရီးစ်ဂျိမ်း ဒိုင်လူကြီးကို သွားရှုပ်ခဲ့လို့ အနီကတ်ပြခံခဲ့ရတာဖြစ်ပါတယ်။ ဒိန်းမတ်အတွက် တလုံးတည်းသောအနိုင်ဂိုးကိုတော့ စပါးကွင်းလယ်လူဟောင်း အဲရစ်ဆင်က ပင်နယ်တီကနေတဆင့် သွင်းပေးခဲ့ပါတယ်။

Aung Bwa – SportsGabar