နံနက်ပိုင်းအားကစားသတင်းတိုများ (၁၅.၁၀.၂၀၂၀)

ဒိန်းမတ်နဲ့ အင်္ဂလန်တို့ကစားခဲ့တဲ့ နေရှင်းလိဂ်ပွဲစဉ်မှာ အင်္ဂလန်အသင်းအနေနဲ့ အနီကတ် နှစ်ကတ်နဲ့အတူ (ဝ-၁)ရလဒ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။ နောက်ခံလူ မက်ဂွဲယား နှစ်ဝါတနီနဲ့အထုတ်ခံခဲ့ရပြီး၊ တယောက်လျော့အင်္ဂလန်တို့ ကစားပုံမကောင်းခဲ့ဘဲ အဲရစ်ဆင်ရဲ့တလုံးတည်းသော ပင်နယ်တီနဲ့အတူ ရှုံးပွဲတပွဲကို ကြုံတွေ့ခဲ့ရပါတယ်။

အခုလို နှစ်ဝါတနီနဲ့အထုတ်ခံခဲ့ရတဲ့အပေါ် အင်္ဂလန်နည်းပြ ဆောက်ဂိတ်က သူ့အနေနဲ့ ကစားသမားဖက်ကနေ အပြည့်အဝရပ်တည်သွားမှာဖြစ်ပြီး၊ မက်ဂွဲယားဟာ အနီကတ်အတွက် သူ့ဆီကနေ ထောက်ခံမှုကိုရမှာဖြစ်တယ်လို့ ကာကွယ်ပြောကြားလိုက်ပါတယ်။

မန်ယူကွင်းလယ်လူ တဦးဖြစ်တဲ့ ပေါလ်ပေါ့ဘာကိုခေါ်ယူဖို့ ဘာစီလိုနာအသင်းဟာ ချိတ်ဆက်မှုတချို့လုပ်နေတယ်လို့ သတင်းထွက်လာပါတယ်။ ရီးရဲလ်မှာကစားချင်တယ်လို့ ဝန်ခံအပြီး၊ အြပောင်းအရွှေ့မှာ ရီးရဲလ်ဖက်က စိတ်မဝင်စားခဲ့တဲ့ ပေါ့ဘာကို ဘာစီလိုနာက အံ့အားသင့်ဖွယ်ခေါ်ယူဖို့ ကောလာဟလအနေနဲ့ သတင်းထွက်လာတာဖြစ်ပါတယ်။

လီဗာပူး-မန်ယူဦးဆောင်ဆွေးနွေးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အစည်းအဝေးမှာ ပရီးမီးယားလိဂ်ကို ပြောင်းလဲမယ့် ပရောဂျက်ဘစ်ပစ်ချာကို အသင်းတွေအများစုက အပြင်းအထန်ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအစား လိဂ်ဝမ်း၊ လိဂ်တူးကလပ်တွေကို ပေါင်သန်း (၅၀)စီ အချိုးကျ ထောက်ပံ့ဖို့သဘောတူခဲ့ပြီး၊ တခြားအစီအစဉ်တွေနဲ့ပဲ အဖြေရှာမယ်လို့ ဆိုပါတယ်။

နယူးကာဆယ်အသင်းရဲ့မြန်နှုန်းမြင့် တောင်ပံကစားသမား စိန့်မက်ဆီမန်ဟာ အသင်းနဲ့အတူ ခြောက်နှစ်သက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပြီလို့ သိရပါတယ်။ အံ့အားသင့်ဖွယ်ရာချုပ်ဆိုနိုင်မှုဖြစ်ပြီး၊ ကစားသမားအနေနဲ့ အသင်းမှာဆက်နေဖို့ကိုပဲ ဆုံးဖြတ်ခဲ့တဲ့အတွက် အခုလိုစာချုပ်ရှည်ကိုချုပ်ဆိုခဲ့ပုံရပါတယ်။

အာဆင်နယ်နည်းပြကြီး အာဆင်ဝင်းဂါးကတော့ အသင်းကနေ အလုပ်ခေတ္တနားခံထားရတဲ့ လာဘ်ကောင်ရုပ်ဝန်ထမ်း ဂန်းနားဆောရက်အပေါ် သူဟာအသင်းအတွက် အရေးကြီးပြီး၊ အသင်းကနေ သူ့ကိုဆက်ထိန်းသိမ်းထားနိုင်ဖို့လိုတဲ့ အဖြေကိုရှာတွေ့ဖို့ မျှော်လင့်မိပါတယ်လို့ ထုတ်ပြောသွားခဲ့ပါတယ်။ ဂန်းနားဆောရက်ဟာ အာဆင်နယ်ရဲ့ဘတ်ဂျတ်အခြေအနေကြောင့် ပရိသတ်မဝင်ခင်အထိ ခေတ္တအလုပ်နားနေရမှာဖြစ်ပါတယ်။

ဂျူဗင်တပ်ဆီကို ပွဲကစားဖို့ပျက်ကွက်ခဲ့တဲ့ နာပိုလီအသင်းရဲ့လုပ်ရပ်ကြောင့် အဆိုပါပွဲကို ပွဲပျက်အနေနဲ့မသတ်မှတ်ဘဲ (၃-ဝ)နဲ့ဂျူဗင်တပ်ကို အနိုင်ပေးလိုက်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နာပိုလီကိုလည်း တမှတ်လျှော့ပြစ်ဒဏ်ချမှတ်ခဲ့ပြီး၊ ကိုဗစ်(၁၉)စည်းကမ်းတွေကို မလိုက်နာခဲ့တဲ့အကြောင်းပြချက်ကြောင့်လို့ဆိုပါတယ်။

Aung Bwa – SportsGabar