အကြွေးတွေ အဆမတန်များနေတာကြောင့် ကစားသမားတွေကို လစာလျှော့တော့မယ့် ဘာစီ

ဘာစီလိုနာအသင်းအနေနဲ့ အကြွေးတွေ များလွန်းနေတဲ့အနေအထားမှာ နောက်လာမယ့်အပတ်အတွင်း သူ့ဝန်ထမ်းတွေနဲ့ညှိနှိုင်းမှုလုပ်တော့မယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကစားသမားတွေဖက်တော့ စပါရှယ်ညှိနှိုင်းမှုကိုလိုချင်နေပြီး၊ သူတို့အနေနဲ့ အလုပ်သမားကာကွယ်ရေးရှေ့နေတွေ ကြိုငှားထားပြီလို့ဆိုပါတယ်။ သတင်းအပြည့်အစုံကို မန်ဒို ဒီပို့ဒီပို့က အခုလိုတင်ဆက်ထားပါတယ်။

” ဘာစီလိုနာအသင်းရဲ့ကစားသမားတွေ လစာလျှော့ယူပြီး (၇)လအကြာမှာ အသင်းက သူ့ကစားသမားတွေကို လစာထပ်လျှော့ဖို့ ချဉ်းကပ်လာပါတယ်။ စပိန်အခေါ် Què T’hi Jugues de la Cadena SER ဆိုတဲ့ အစီအစဉ်အရ အသင်းမှာရှိတဲ့ ဝန်ထမ်းတွေကို လစာ (၃၀) ရာခိုင်နှုန်းအကုန်လုံးလျှော့မှာပါ။ ဒီအချက်ကြောင့် ကစားသမားတွေဟာ အလုပ်သမားဥပဒေနဲ့အညီ သူတို့ကို ကာကွယ်ပေးဖို့ ရှေ့နေတွေကို ကြိုတင်ဆက်သွယ်ထားပြီလို့သိရပါတယ်။

” ပထမတခေါက်မှာ လစာရဲ့ (၇၀)ရာခိုင်နှုန်းအထိ လျှော့ယူပြီးတဲ့ ကစားသမားတွေဟာ အခုတခေါက်ထပ်ကြားရချိန်မှာတော့ သည်းမခံနိုင်တော့ပါဘူး။ အကြွေးအနေအထား ဘယ်လောက်ထိရှိလဲမသိပေမဲ့ ယူရိုသန်း (၅၀၀)နီးပါးအထိမြင့်တက်နိုင်တယ်ဆိုပါတယ်။ ဒီအခြေအနေကို ကုစားနိုင်ဖို့ အလုပ်သမားတွေရဲ့လစာကို လျှော့ချတဲ့အစီအစဉ်ကပဲ ကလပ်ကို အထိရောက်ဆုံးကူညီနိုင်မှာဖြစ်တဲ့အတွက် ဝန်ထမ်းတွေကိုညှိမှာဖြစ်ပါတယ်။

” ညှိမရခဲ့ရင်တော့ အကြွေးစုစုပေါင်း ယူရို ၄၈၈ သန်းအထိမြင့်တက်သွားဖို့ရှိနေပါတယ်။ ဒါဟာ ကလပ်ရဲ့ (၂၀၁၉)ဇွန်လမှာရှိနေတဲ့ အကြွေးပမာဏထက် နှစ်ဆတိတိပိုများသွားပြီး၊ ဥရောပအလယ်အလတ်ကလပ်တခုစာတန်ဖိုးထိဖြစ်လာမှာပါ ” လို့ဆိုထားပါတယ်။ ဘာစီလိုနာအသင်းရဲ့ လတ်တလော ဖြစ်နေတဲ့အနေအထားက အမှန်တကယ်လို့ ဆိုနိုင်ပါတယ်။

နည်းပြရော်နယ်ကိုးမန်းကိုယ်တိုင်က ဘာစီလိုနာဟာ ဘဏ္ဍာရေးအခြေအနေကြုံတွေ့နေရပြီး၊ သူတို့လူခေါ်ဖို့ထိ ကလပ်ကအဆင်မပြေခဲ့ပါဘူးလို့ ဝန်ခံထားပြီးဖြစ်ပါတယ်။ ကိုဗစ်ကြောင့်ဝင်နေထိခိုက်နေတဲ့ ကလပ်ရဲ့ဘဏ္ဍာရေးကိုကုစားဖို့ ဝန်ထမ်းတွေကိုပဲ လစာပြန်ဖြတ်တာက ဘာစီလိုနာရဲ့နောက်ဆုံးအကြံဉာဏ်ဖြစ်လာချိန်မှာ တဖက်ကလည်း ရှေ့နေတွေနဲ့ ဥပဒေကြောင်းအရ ပြန်ဖြေရှင်းမယ်ဆိုတာတွေက ပရိသတ်တွေအတွက် စိတ်မကောင်းစရာပါပဲ။

Aung Bwa – SportsGabar