နယူးကာဆယ်နဲ့ပွဲအပြင် ပီအက်စ်ဂျီနဲ့ပွဲကိုပါ မသေချာသေးတဲ့ ကာဗာနီ

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးအသစ် ကာဗာနီဟာ စနေနေ့မှာ ကစားမယ့် နယူးကာဆယ်ယူနိုက်တက်နဲ့ပွဲစဉ်ကိုလွဲချော်မှာဖြစ်ပါတယ်။ ကလပ်ကိုရောက်ပြီးချိန်မှာ သီးသန့်ခွဲနေရမယ့် (၁၄)ရက်တာကာလကြောင့်ဖြစ်ပြီး၊ အချိန်အရ နယူးကာဆယ်နဲ့ကစားမယ့် ပွဲရက်က အကျုံးဝင်ထားလို့ဖြစ်ပါတယ်။ (၄)ရက်နေ့ကနေ တွက်ရင် ကာဗာနီဟာ (၁၈)ရက်နေ့အထိ ယူနိုက်တက်နဲ့ထရိန်နင်မဆင်းနိုင်သေးပါဘူး။

ပီအက်စ်ဂျီကနေ ဇွန်လမှာ အလွတ်ကြေးဖြစ်သွားပြီးကတည်းက ဘောလုံးတပွဲမှမကန်ရသေးတဲ့အပြင် ကာဗာနီဟာ ထရိန်နင်လည်းမဆင်းရသေးပါဘူး။ အဆိုးဆုံးက အသင်းလိုက်ထရိန်နင်ကိုပါ မတ်ချ်လကတည်းက တခါမှမဆင်းရသေးတာဖြစ်ပါတယ်။ ယူနိုက်တက် အသင်းသားတွေနဲ့လည်း ချိတ်ဆက်မှုတခုမှ မလုပ်ရသေးဘူးလို့သိရပါတယ်။

ဒါကြောင့် နယူးကာဆယ်နဲ့ ပွဲပြီးချိန်မှာ ကာဗာနီဟာ မဖြစ်မနေထရိန်နင်လိုနေပါတယ်။ ပရီးမီးယားလိဂ်ပွဲပြီးတာနဲ့ ပီအက်စ်ဂျီကို ချန်ပီယံလိဂ်မှာရင်ဆိုင်ရမယ့်အချိန်ကြားကာလဟာ (၄)ရက်တာပဲရှိပါတယ်။ အသင်းကြီးထရိန်နင်ကို ကြားထဲမှာ တခါလုပ်ခဲ့ရင် ကာဗာနီအနေနဲ့ ပီအက်စ်ဂျီနဲ့ပွဲမှာ ပါကောင်းပါနိုင်ပေမဲ့ ခန့်မှန်းချက်တွေအရ ပီအက်စ်ဂျီနဲ့ပွဲလည်း မသေချာဘူးလို့သိရပါတယ်။

အနေအထားတွေက ယူနိုက်တက်တိုက်စစ်ပိုင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာဖို့ ရှိနေပါတယ်။ တိုက်စစ်မှူး မာရှယ်ကလည်း စပါးနဲ့ပွဲက အနီကတ်ကြောင့် ပရီးမီးယားလိဂ်သုံးပွဲပယ်ခံထားရချိန်မှာ ယူနိုက်တက်တိုက်စစ်မှာ ကစားသမား မလုံလောက်မှုဖြစ်လာပါတယ်။ ဒန်နီရယ်ဂျိမ်း၊ ရက်ရှ်ဖို့ဒ်တို့ကလည်း နေရှင်းလိဂ်ပွဲတွေက ပွဲပန်းလာခဲ့ရင် မေဆင်ဂရင်းဝုဒ်၊ အိုင်ဂါလိုတို့ကို ဆိုးလ်ရှားအဓိက အသုံးပြုရဖို့ရှိနေပါတယ်။

ဥရုဂွေးသားလေး ပယ်လစ်စထရီကလည်း ကာဗာနီလို သီးသန့်နေနေရတုန်းဖြစ်ပါတယ်။ နယူးကာဆယ်ကို ကစားပြီးရင် ယူနိုက်တက် ရင်ဆိုင်ရမယ့်ပွဲစဉ်တွေက ပီအက်စ်ဂျီ၊ ချဲလ်ဆီး၊ လစ်ဇစ်၊ အာဆင်နယ်တို့ကို သုံးရက်ခြားတခါစီကန်ရဖို့ရှိနေပါတယ်။ ပရီးမီးယားလိဂ်သုံးပွဲလုံးမှာ မာရှယ်က ပါဝင်ကစားရမှာမဟုတ်တဲ့အတွက် ဆိုးလ်ရှားအတွက် တိုက်စစ်ပြဿနာရင်ဆိုင်နေရပြီလို့ ဆိုနိုင်ပါတယ်။

Aung Bwa – SportsGabar