လမ်းပတ်ရဲ့စည်းကမ်းတင်းကြပ်မှုကြောင့် ချဲလ်ဆီးကိုစွန့်ခွာတော့မယ့်သတင်းထွက်လာတဲ့ ကန်တေ

ချဲလ်ဆီးအသင်းအနေနဲ့ ကန်တေဟာ အသင်းကထွက်ခွာဖို့ ပြင်ထားတယ်ဆိုတဲ့သတင်းတွေ မဟုတ်မှန်ကြောင်း ငြင်းပြီးချိန်မှာပဲ ကောလဟလသတင်းတခုထွက်လာပါတယ်။ ပြင်သစ်ကွင်းလယ်လူဟာ လမ်းပတ်နဲ့ သူ့အကြား သဘောထားတင်းမာမှုတချို့ဖြစ်ခဲ့ပြီး၊ လက်ရှိမှာ အဆိုပါအချက်ကြောင့် လာမယ့်ဇန်နဝါရီမှာပဲ ချဲလ်ဆီးနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

ဒီသတင်းကိုတော့ ပြင်သစ်သတင်းစာ Le Parisien က ဖော်ပြခဲ့တာပါ။ အင်တာနေရှင်နယ်ပွဲတွေကြောင့် ပရီးမီးယားလိဂ်ကိုခဏမနားထားခင်မှာ အန်ဂိုလိုကန်တေဟာ လမ်းပတ်ကို ခွင့်တခုတောင်းခဲ့ပါတယ်။ သူ့သူငယ်ချင်းဖြစ်သူရဲ့မင်္ဂလာဆောင်ကိုသွားချင်တဲ့အတွက် ထရိန်နင်ကို တရက်လောက်ခွင့်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး၊ လမ်းပတ်ကခွင့်မပြုခဲ့ဘူးဆိုပါတယ်။

အခုလို ခွင့်မပြုခဲ့တဲ့အတွက် ကန်တေအနေနဲ့ လမ်းပတ်ကို စိတ်ဆိုးခဲ့ကာ သူ့ရဲ့အသင်းပြောင်းဖို့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားလာခဲ့ပြီလို့ဆိုပါတယ်။ ဖော်ပြချက်အရ တချိန်မှာ ရီးရဲလ်မှာ ကစားခွင့်ရဖို့စီစဉ်ထားတဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ လာမယ့်ဇန်နဝါရီမှာပဲ ညှိနှိုင်းထွက်ခွာဖို့ ပြင်ဆင်ထားပြီလို့ ပါရှိပါတယ်။

ဒါပေမဲ့ တဖက်က အမည်မဖော်လိုတဲ့ ချဲလ်ဆီးတာဝန်ရှိသူတယောကေ်တာ့ ဒီသတင်းဟာ အခြေအမြစ်မရှိတဲ့ သတင်းဖြစ်ပြီး၊ ကန်တေဟာ လုံးဝအသင်းမှာရှိနေမှာပါလို့ ဖွင့်ဟခဲ့ပါတယ်။ ကန်တေနဲ့ လမ်းပတ်ဟာ ကောင်းမွန်တဲ့ ဆရာတပည့်ဆက်ဆံရေးရှိနေတဲ့အပြင် လမ်းပတ်ဟာ ကန်တေလိုအပ်တဲ့ခွင့်ရက်တိုင်းကို ခွင့်ပြုခဲ့သူဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ကိုဗစ်ကာလအတွင်း ထရိန်နင်မဆင်းဖို့တောင်းဆိုတုန်းကလည်း ခွင့်ပြုခဲ့တဲ့ဖြစ်ရပ်ကလည်း ရှိထားပြီးသားပါ။ အခုလို သတင်းတွေထွက်လာပေမဲ့ ချဲလ်ဆီးကပြတ်ပြတ်သားသားငြင်းထားပြီး၊သူတို့ရဲ့ ကစားသမားကို ကာကွယ်ထားပါတယ်။ ကန်တေဟာ လက်စတာကနေ (၂၀၁၆)မှာ ချဲလ်ဆီးကိုရောက်လာပြီး၊ (၁၇၅)ပွဲကစား ပရီးမီးယားလိဂ်တလုံး၊ ယူရိုပါလိဂ်တလုံး၊ အက်ဖ်အေတလုံးယူထားပြီးဖြစ်ပါတယ်။

Aung Bwa – SportsGabar