ယူနိုက်တက်နဲ့ လီဗာပူးလုပ်နေတဲ့အရာတွေဟာ အသင်းငယ်တွေကို ပိုဆိုးသွားစေနိုင်တယ်လို့ အာဆင်ဝင်းဂါးသုံးသပ်

ပရောဂျက်ဘစ်ပစ်ချာလို့ဆိုတဲ့ အစီအစဉ်နဲ့ပတ်သက်လို့ အာဆင်နယ်နည်းပြကြီး အာဆင်ဝင်းဂါးက ဖွင့်ဟလာပါတယ်။ EFL ကလပ်တွေကို ပေါင်သန်း (၂၅၀)နဲ့ ရုပ်သံလွှင့်ခဝင်ငွေရဲ့ (၂၅)ရာခိုင်နှုန်းကို ခွဲဝေပေးဖို့ကြိုးစားဆောင်ရွက်နေတဲ့အစီအစဉ်ကိုပါ။ ဒီအစီအစဉ်ကို အာဆင်ဝင်းဂါးက စကိုင်းစပေါ့နဲ့တင်ဆက်နေတဲ့အစီအစဉ်မှာ သူ့ရဲ့သဘောထာအမြင်ကို ဖွင့်ဟလိုက်ပါတယ်။

‘ အကယ်လို့ ဘာမှဖြစ်မလာခဲ့ဘူးဆိုရင်တော့ ပိုသေးငယ်တဲ့ကလပ်တွေက ပျက်စီးသွားပါလိမ့်မယ်။ ကျွန်တော်က အဲဒီငွေပေးတဲ့စနစ်က ပြဿနာကို ဖြေရှင်းနိုင်မယ်လို့မထင်ပါဘူး။ ပြဿနာတွေက ထင်ထားတာထက်ပိုနက်နဲပါတယ်။ ပိုက်ဆံတွေက ကျိန်းသေပေါက်တော့ အသင်းငယ်တွေဆီရောက်ပါလိမ့်မယ်။။ ထိပ်သီးကလပ်တွေကဝင်နေတဲ့ ဝင်ငွေတွေကို ကလပ်ငယ်ငယ်လေးတွေဆီကို နည်းနည်းလေးရောက်တာမျိုးပေ့ါ ‘

” ခင်ဗျားအနေနဲ့ လုံးဝလျစ်လျူရှုလို့မရတာက နိုင်ငံတွင်းမှာရှိနေတဲ့ ရိုးရာကိုပဲ။ အစီအစဉ်ရဲ့ရည်ရွယ်ချက်က စိတ်မပါလက်မပါဖြစ်တာမျိုးနဲ့ မကောင်းတဲ့ချဉ်းကပ်မှုကို ရောက်သွားလိမ့်မယ်။ ခြုံပြောရရင် ပြဿနာရဲ့အဖြေကို အစိုးရ၊ ပရီးမီးယားလိဂ်၊ အဖွဲ့အစည်းတွေကနေ လာဖို့ရှိနေပါတယ်။ ကိုရိုနာဗိုင်းရပ်ကိစ္စတွေမတိုင်ခင်ကတည်းကရှိနေတဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ ပူးပေါင်းအဖြေရှာတာမျိုးပေါ့ ‘လို့ဆိုခဲ့ပါတယ်။

တကယ်လည်း Project Big Picture ဟာ အသင်းကြီးတွေအတွက်ပဲပိုကောင်းမယ့်အစီအစဉ်ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ (၁၈)သင်းပဲရှိတော့မယ့်အချိန်မှာ EFL လိဂ်တွေဖြစ်တဲ့ ချန်ပီယံရှစ်၊ လိဂ်ဝမ်း၊ လိဂ်တူးကလပ်တွေဟာ ပေါင်သန်း(၂၅၀)နဲ့ ရုပ်သံဝင်ငွေ (၂၅)ရာခိုင်နှုန်းကို ခွဲယူရမှာပါ။ တလိဂ်ကို (၂၄)သင်း၊ စုစုပေါင်း (၇၂)သင်းက ခွဲဝေယူရမယ့်အနေအထားမှာ အများကြီးရမှာတော့မဟုတ်ပါဘူး။

တဖက်မှာတော့ ပရီးမီးယားလိဂ်အသင်း (၂၀)လုံးရနေတဲ့ တသင်းကို တမဲပေးခွင့်စနစ်အစား အထူးအသင်း (၉)သင်းအနေနဲ့ ဖွဲ့စည်းမှာဖြစ်တဲ့အတွက် ပရီးမီးယားလိဂ်ဟာ ဘွန်ဒက်လီဂါတို့လို အင်အားကြီးအသင်းနဲ့ အင်အားငယ်အသင်းဆိုပြီး၊ သိသိသာသာဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အာဆင်ဝင်းဂါးက လက်ရှိပရီးမီးယားလိဂ်ရဲ့ပြိုင်ဆိုင်မှုပြင်းတဲ့ ရိုးရာကိုထိန်းသိမ်းဖို့နဲ့ အသင်းငယ်တွေဆီကို ပိုက်ဆံရောက်ဖို့ ပူးပေါင်းအဖြေရှာရမယ်လို့ သုံးသပ်ပေးခဲ့တာဖြစ်ပါတယ်။

Aung Bwa – SportsGabar