ဘဏ္ဍာရေးထောက်ပံ့ငွေသာ မရရင် လာမယ့်(၆)ပတ်အတွင်း EFLကလပ်တွေဖျက်သိမ်းရနိုင်

အင်္ဂလန်ရဲ့ပရီးမီးယားလိဂ်ရဲ့ရပ်တည်မှုနဲ့ပတ်သက်လို့ ပြောစရာမရှိပေမဲ့ အောက်တန်းလိဂ်တွေဖြစ်တဲ့ လိဂ်ဝမ်း၊ လိဂ်တူးတို့လို EFL ကလပ်တွေတချို့ဟာ လာမယ့် (၅)ပတ်ကနေ (၆)ပတ်အတွင်း ပျောက်ကွယ်သွားနိုင်တယ်လို့ လိဂ်တူးကလပ် လေတန်အော်ရိယန်ဥက္ကဌ နီဂျယ် ထရာဗစ်က သတိပေးပြောကြားလိုက်ပါတယ်။ ဒီအကြောင်းကို မန်ယူ- လီဗာပူးဦးဆောင်တဲ့ အင်္ဂလန်ဘောလုံးပိရမစ်ပြန်ပြုပြင်ရေး အစီအစဉ်အပြီးမှာ ထောက်ခံရင်းဖွင့်ဟလိုက်တာဖြစ်ပါတယ်။

ပုံရိပ်ကြီးပရောဂျက်လို့တင်စားထားတဲ့အစီအစဉ်က အနည်းငယ်ရိုးရှင်းပါတယ်။ အင်္ဂလန်ဘောလုံးပိရမစ်ဇယားအရ အသင်းကြီးတွေဝင်ငွေပိုရပြီး၊ အောက်တန်းလိဂ်တွေ ဝင်ငွေနည်းနေတဲ့အစီအစဉ်ကို မန်ယူ-လီဗာပူးက ဦးဆောင်ပြောင်းလဲမှာပါ။ ဒါကိုလေတန်အော်ရိယန် ဥက္ကဌက ကြိုဆိုလိုက်ပါတယ်။ အစီအစဉ်သာအကောင်အထည်ပေါ်ခဲ့ရင် EFL ကလပ်တွေဟာ ရုပ်သံဝင်ငွေရဲ့ (၂၅)ရာခိုင်နှုန်းနဲ့ ပေါင်သန်း (၂၅၀)လောက်ကို အချိုးကျခွဲဝေရရှိတော့မှာပါ။

” အကယ်လို့ အောက်တန်းလိဂ်က ကလပ်တွေဟာ မကြာခင်မှာ ဘဏ္ဍာရေးထောက်ပံ့ငွေလို တခုခုမှမရတော့ရင် ကလပ်တွေပျောက်ကွယ်သွားတာကို ပရိသတ်တွေမြင်ရပါတော့မယ်။ ကျွန်တော် ခန့်မှန်းချက်အရ လာမယ့် (၅-၆)ပတ်အတွင်းပါပဲ။ ကျွန်တော် ပယ်ချလိုတဲ့တခုတည်းသောအကြောင်းအရာက အခုပြောနေတာဟာ ကပ်ရောဂါကာလကို ပြောနေတာမဟုတ်ပါဘူး”

” လွန်ခဲ့တဲ့နှစ်တွေကတည်းက ဘောလုံးလောကမှာဖြစ်တဲ့ အကြပ်အတည်းအကြောင်းကိုပြောချင်တာပါ။ ကပ်ရောဂါမတိုင်ခင်ကတည်းက EFL ကလပ်တွေရဲ့ (၇၅)ရာခိုင်နှုန်းလောက်က ဆက်မသွားနိုင်တော့လောက်အောင်ကို ပိုက်ဆံဝင်ငွေတွေ ဆုံးရှုံးနေကြပါတယ်။ ကပ်ကာလကလည်း ရောက်လာရော အဲဒါက ပြဿနာကိုပိုဆိုးအောင်ဆွပေးလိုက်သလိုပဲ၊ ကျွန်တော်တို့ဒါကို အချိန်မီပြုပြင်ဖို့လိုလာတယ် ‘

” ခင်ဗျားတို့လည်း ပုံရိပ်ကြီးပရောဂျက် အကြောင်းပြောနေမယ်ဆိုတာသိပါတယ်။ ဒါက ကျွန်တော်တို့စိုးရိမ်နေတာနဲ့ပတ်သက်လို့ အကောင်းဆုံးတင်ပြမှုပဲ။ အဲဒါက သေချာပေါက်ကို အလားအလာကောင်းသလို ကလပ်တွေလည်းလိုတယ်။ အခုအစီအစဉ်လိုမျိုး တခုခုက သွားကိုသွားရမယ်။ “ဆိုပြီး ထောက်ခံခဲ့ပါတယ်။ ပုံရိပ်ကြီး ပရောဂျက်ကို အလွယ်ကူဆုံးရှင်းပြရရင် EFL ကလပ်တွေကို ပြန်ကြည့်ပေးတာလို့ဆိုနိုင်မှာပါ။

ပရီးမီးယားလိဂ်မှာ ကလပ်(၂၀)ကစားနေတာကို (၁၈)သင်းကိုလျှော့ချပါမယ်။ အစဉ်လိုက်ဖြစ်တဲ့ ချန်ပီယံရှစ်၊ လိဂ်ဝမ်း၊ လိဂ်တူးတို့လို EFL လိဂ်က ကလပ်တွေက (၂၄)သင်းစီဖြစ်သွားပါမယ်။ ပရီးမီးယားလိဂ်ရဲ့အောက်ဆုံးနှစ်သင်းကတိုက်ရိုက်တန်းဆင်းပြီး၊ အဆင့် (၁၆)က ချန်ပီယံရှစ်ကတသင်းနဲ့ ပလေးအော့ဖ်ကန်ပြီး၊ တန်းတင်၊ တန်းတက်ကို ဆုံးဖြတ်ရမှာပါ။ ကံကောင်းရင် တပွဲတည်းနဲ့လည်း တန်းတင်ကျန်လာမှာဖြစ်ပါတယ်။

ကာရာဘောင်ဖလားနဲ့ ကွန်မြူနတီဒိုင်းမကန်တော့ပါဘူး။ ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ကိုဆင်းသွားတဲ့ အသင်းတွေကို ရသင့်ရထိုက်တဲ့ငွေကြေးပေးတာရပ်ဆိုင်းမှာဖြစ်ပါတယ်။ အဲဒီအစား ပေါင်သန်း (၂၅၀)နဲ့ ရုပ်သံလွှင့်ခတွေကနေရတဲ့ (၂၅)ရာခိုင်နှုန်းကို EFL ကလပ်တွေကိုပေးမှာဖြစ်ပါတယ်။ ဖလားပွဲတွေမရှိတော့တဲ့အတွက် အက်ဖ်အေကို ပေါင်သန်း (၁၀၀) နစ်နာကြေး ပေးပါမယ်။

အရင်ပရီးမီးယားလိဂ်မှာ ကြီးခြောက်ကြီးအစား ကြီးကိုးကြီးသဘောမျိုးလုပ်လိုက်မှာဖြစ်ပြီး၊ ကလပ်(၉)သင်းဟာ စပါရှယ်မဲပေးနိုင်ခွင့်ဆိုတာကို ရမှာပါ။ ဒါဆိုရင် ပရီးမီးယားလိဂ်ကို ကျင်းပနေတဲ့စနစ်ဟာ လုံးဝကို ပြောင်းလဲသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဥက္ကဌက EFL ကလပ်တွေ ဆက်သွားနိုင်ဖို့ သူတို့ဝင်ငွေရမယ့် ပုံရိပ်ကြီးပရောဂျက်ကို ကြိုဆိုနေတာဖြစ်ပြီး၊ ဖြစ်လာခဲ့ရင်တော့ ပရီးမီးယားလိဂ်ဟာ (၁၈)သင်းတည်းကျန်တော့မှာပါ။

Aung Bwa – SportsGabar