နေမာ၊ ရော်နယ်ဒို၊ မက်ဆီတို့ထက်သာတဲ့ အင်တာနေရှင်နယ်မှတ်တမ်းကို စိုက်ထူနိုင်ခဲ့တဲ့ ဟာလန်း

အင်တာနေရှင်နယ်ပွဲတွေအသီးသီးကစားနေကြချိန်မှာ နာမည်ကြီးကစားသမားတွေအားလုံး နိုင်ငံအတွက် ပြန်ရောက်နေခဲ့ကြပါတယ်။ အာလင်ဟာလန်းတယောက်လည်း သူ့ရဲ့မိခင်နိုင်ငံအတွက်ပြန်ပြီး၊ ပွဲထွက်အနေနဲ့ ကစားပေးခဲ့ကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ နော်ဝေးနဲ့ နေရှင်းလိဂ် အုပ်စုပွဲစဉ်တွေမှာပါ။ အတော်လေးကိုမှ ခြေစွမ်းပြတယလို့ ပြောနိုင်တာက ဟက်ထရစ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန် (၁၃၊ ၆၄၊ ၇၄) မိနစ်တွေမှာ ဂိုးတွေကို မဖြစ်နိုင်တဲ့အနေအထားကနေ သွင်းယူခဲ့ပြီး၊ ဗော်လီကန်ချက်က အားပြင်းခဲ့လို့ လက်ရှိနေရှင်းလိဂ်ရဲ့ အကောင်းဆုံးလို့တောင်တင်စားနေကြပါတယ်။ တဖက်မှာတော့ ဒီလိုဟက်ထရစ်ရခဲ့တာနဲ့အတူ နိုင်ငံတကာ စံချိန်မှတ်တမ်းကောင်းတခုကို စိုက်ထူနိုင်ခဲ့ပြန်ပါပြီ။ မက်ဆီ၊ ရော်နယ်ဒို၊ နေမာတို့ထက်ကို သာလွန်တဲ့ မှတ်တမ်းတခုပါပဲ။

နိုင်ငံအတွက် ဟက်ထရစ်ရယူတဲ့အပိုင်းမှာ ဟာလန်းဟာအသက်အငယ်ဆုံးအဖြစ်နဲ့ သုံးဦးလုံးကိုကျော်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဂိုးရယူချိန်မှာအသက် (၂၀)နှစ်နဲ့ (၈၃)ရက်ပဲရှိသေးတဲ့ ဟာလန်းဟာ ဒီစံချိန်ကို ငယ်ရွယ်လွန်းတဲ့အချိန်တခုမှာပဲအရယူနိုင်ခဲ့ပါတယ်။ ကျန်တဲ့ကစားသမားတွေ လုပ်နိုင်ခဲ့တဲ့အချိန်တွေနဲ့ယှဉ်ရင် ဟာလန်းဟာ ပိုငယ်တဲ့အနေအထားတခုကို ပိုင်ဆိုင်ခဲ့ပါတယ်။

နေမာ- (၂၀)နှစ် (၂၁၈)ရက်- ဒီဟက်ထရစ်ကို ရခဲ့တာက (၂၀၁၂)ခုနှစ်ကပါ။ တရုတ်နဲ့ ဘရာဇီးလ်တွေ့ဆုံတဲ့ နိုင်ငံတကာပွဲစဉ်မှာ နေမာဟက်ထရစ်သွင်းခဲ့တာဖြစ်ပြီး၊ စက်တင်ဘာ (၁၀)ရက်နေ့ကဖြစ်ပါတယ်။ ရော်နယ်ဒို- (၂၈)နှစ် (၂၁၃)ရက်- ရော်နယ်ဒို ဒီစံချိန်ကိုရယူခဲ့တာက အသက်အရွယ်ကောင်းတခုကိုရောက်နေပြီဆိုရမှာပါ။ (၂၀၁၃)ခုနှစ်၊ စက်တင်ဘာလ ၆ ရက်၊ နယ်သာလန်နဲ့ ပေါ်တူဂီတွေ့ဆုံတဲ့ပွဲမှာဖြစ်ပါတယ်။

မက်ဆီ- (၂၄)နှစ် (၂၅၀)ရက်- (၂၀၁၂)ခုနှစ်က ဆွစ်ဇာလန်နဲ့ အာဂျင်တီးနားကစားခဲ့တဲ့ပွဲစဉ်မှာ မက်ဆီဟာ ဒီစံချိန်ကိုရယူခဲ့ပါတယ်။ မှတ်မှတ်ရရရှိနေတဲ့အချက်က ဖေဖော်ဝါရီ ၂၉ မှာကစားတဲ့ပွဲစဉ်ဖြစ်ပြီး၊ ရှားရှားပါးပါးတိုက်ဆိုင်မှုလည်း ဆိုရမှာပါ။ အားလုံးထဲမှာတော့ ဟာလန်းက အသက်အငယ်ဆုံးကိုပိုင်ဆိုင်သွားခဲ့ပြီး၊ အနာဂတ်ဘောလုံးလောကမှာ ပိုထွန်းတောက်လာဖို့ စံချိန်လမ်းစတွေကို ပြလာခဲ့ပြီဖြစ်ပါတယ်။

Aung Bwa – SportsGabar