သစ္စာရှိကြေး ပေါင်(၈)သန်းကို ဘောလုံးမကန်ဘဲ ထိုင်နေရင်းရလိုက်တဲ့ အိုဇေးလ်

အာဆင်နယ်ကွင်းလယ်ကစားသမားအိုဇေးလ်တယောက် ပြီးခဲ့တဲ့လကုန်က ပထမအသင်းကြီးမှာပါဝင်မကစားရပေမဲ့လည်း သစ္စာရှိကြေးပေါင် (၈)သန်းရခဲ့တယ်လို့သိရပါတယ်။ တပတ်ကို ပေါင် (၃၅၀၀၀၀)ရနေတဲ့ အိုဇေးလ်တယောက်၊ မတ်ချ်လ (၇)ရက်နေ့ လော့ဒေါင်းတွေစတင်ချိန်ကတည်းက အာဆင်နယ်အတွက် တပွဲမှမကစားထားရသေးပေမဲ့ အဆိုပါဘောနပ်စ်ကို စာချုပ်ပါအချက်အရ ရခဲ့တာပါ။

ဒီစာချုပ်ကို (၂၀၁၈) ဇန်နဝါရီမှာ အာဆင်ဝင်းဂါးနဲ့အိုဇေးလ်တို့ချုပ်ဆိုခဲ့တဲ့စာချုပ်အရရခဲ့တာဖြစ်ပါတယ်။ သစ္စာရှိရှိသာ အသင်းမှာနေခဲ့ရင် ဘောနပ်ပေါင် (၈)သန်းရမယ်ဆိုတဲ့အချက်ကြောင့် ဒီနှစ်အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ ကမ်းလှမ်းလာတဲ့အသင်းတွေရှိပေမဲ့ အာဆင်နယ်မှာဆက်နေမယ်လို့ အိုဇေးလ်ဆုံးဖြတ်ခဲ့ချိန်မှာ စာချုပ်ပါအတိုင်း ဘောနပ်ကို ပေးခဲ့ရတာပါ။

အာဆင်နယ်ကို အခုနှစ်အပြောင်းအရွှေ့မှာ ကမ်းလှမ်းလာတဲ့အသင်းတွေ အတော်လေးများခဲ့ပြီး၊ အိုဇေးလ်ရဲ့ပုံရိပ်ကြောင့် ခေါ်ယူလိုခဲ့ကြပါတယ်။ အဆိုပါ (၃၁)နှစ်သားအနေနဲ့ အာဆင်နယ်ကို (၂၀၁၃)ခုနှစ်မှာ ပေါင် (၄၂.၅)သန်းနဲ့ရောက်လာခဲ့ချိန်က အာဆင်နယ်ရဲ့ပွဲထွက်ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာတော့ ယူရိုပါလိဂ်လူစာရင်းမှာကို မပါတော့ပါဘူး။

ပရီးမီးယားလိဂ်လူစာရင်းမှာလည်း မပါဝင်ဖို့များနေတယ်လို့ သတင်းထွက်နေပြီး၊ အောက်တိုဘာလ (၂၀)ရက်နေ့ အတည်ပြုမယ့် လူစာရင်းမှာ မပါလာခဲ့ရင် အာဆင်နယ်-အိုဇေးလ်လမ်းခွဲဟာ သေချာဖို့ရှိနေပါပြီ။ အခုလို ပထမအသင်းကြီးကနေပါ ချန်လှပ်လိုက်ရင် ရလာမယ့်အကျိုးကျေးဇူးက အိုဇေးလ်ကို ပေးချေနေရမယ့် ပွဲထွက်ကစားရင်ပေးရမယ့် ဘောနပ်ခကိုပါ ဆက်သက်သာစေမှာကြောင့်ဖြစ်ပါတယ်။

အိုဇေးလ်အနေနဲ့ ဆော်ဒီအာရေးဘီးယားကလပ် အယ်နာဆာက တနှစ်လုပ်ခ ပေါင်(၅)သန်းနဲ့ ကစားသမားကိုလာကစားဖို့ ကမ်းလှမ်းခဲ့ပေမဲ့ အာဆင်နယ်မှာပဲဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုဆက်နေခဲ့တဲ့အတွက်အသင်းမှာ ပွဲမကစားရလည်း သစ္စာရှိကြေးရခဲ့တာဖြစ်ပြီး၊ ပေါင်(၈)သန်းအထိ အာဆင်နယ်ကပေးချေခဲ့ရတာပါ။ ဒီအကြောင်းကိုတော့ အက်သလက်တစ်သတင်းထောက် ဒေးဗစ်အော်စတိန်းက ဖော်ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

Aung Bwa – SportsGabar