ဟာလန်းကိုခေါ်ယူဖို့ တကယ်ပဲကြိုးစားနေပြီဆိုတဲ့ မန်စီးတီးနဲ့ အဂူရိုပေါ်မူတည်နေတဲ့ အပြောင်းအရွှေ့

မန်စီးတီးနည်းပြဘဝမှာ ပတ်ဂွါဒီယိုလာရဲ့ အားအထားရဆုံးတိုက်စစ်မှူးလို့ ဆိုနိုင်တဲ့ အဂူရိုဟာ ဒီနှစ်မှာစာချုပ်ကုန်ဆုံးမှာဖြစ်ပါတယ်။ ကစားသမားရဲ့ဒဏ်ရာအနေအထားနဲ့ အသက်အရွယ်ရလာမှု၊ ကိုယ်တိုင်ကလည်း စာချုပ်သက်တမ်းသစ်ကိုမစဉ်းစားထားသေးချိန်မှာ မန်စီးတီးဟာ ပြုပြင်ပြောင်းလဲမှုအသစ်တွေကို မြင်လာရဖို့ရှိနေပါတယ်။ အခုဖော်ပြမယ့် သတင်းကိုတော့ စပိန်အတည်ပြုသတင်းစာ ဒွန်းဘလွန်းကဖော်ပြထားတာဖြစ်ပါတယ်။

မက်ဆီကိုခေါ်ယူမယ်လို့ ကြေညာထားတဲ့ မန်စီးတီးဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့တကယ်သာ ခေါ်ယူနိုင်ခဲ့ရင် ပတ်ဂွါဒီယိုလာကို လက်လွှတ်ရဖို့ရှိနေပါတယ်။ တဖက်မှာလည်း စာချုပ်သက်တမ်းတိုးဖို့ကို စောင့်ဆိုင်းနေတဲ့ အဂူရိုဟာလည်း သူ့အနာဂတ်ကို စဉ်းစားဖို့ရှိနေပါတယ်။ ဖော်ပြချက်အရ (၂၀၂၁)မှာ အဂူရိုဟာ ဖိအားတွေကို ထပ်ရင်မဆိုင်တော့ဘဲ အသက်ရလာတာကို အကြောင်းပြုပြီး မန်စီးတီးနဲ့အေးအေးချမ်းချမ်းလမ်းခွဲမယ်လို့ဆိုပါတယ်။

မန်စီးတီးရဲ့ဂိုးအများဆုံး တိုက်စစ်မှူးတဖြစ်လဲ အဂူရိုထွက်ခွာမှုကို အစားထိုးဖို့ စီစဉ်မှုအနေနဲ့ ငယ်ရွယ်ထက်မြက်တဲ့ ဟာလန်းကိုခေါ်ယူဖို့ ဖြစ်လာပါတယ်။ မက်ဆီသာတကယ်ရောက်လာခဲ့ရင် ဟာလန်းကိုခေါ်ယူဖို့ ပိုလွယ်ကူလာမှာဖြစ်ပြီး၊ မန်စီးတီးနည်းပြသစ်လက်အောက်မှာ အတူတူပူးတွဲကစားတာမျိုးမြင်လာရဖို့ရှိနေပါတယ်။ ကြားထဲမှာတော့ အဂူရို စာချုပ် (၂၀၂၁) ဇွန်လမကုန်ခင်အထိ ကောလာဟလအဖြစ်ပဲရှိဦးမှာပါ။

အကြောင်းကြောင်းကြောင့် အဂူရို ထွက်ခွာခဲ့ရင် မန်စီးတီးတခေတ်ပြောင်းလဲရေးမှာ ဟာလန်းကိုခေါ်ယူဖို့ စီစဉ်ထားပြီဖြစ်ပါတယ်။ အဂူရိုကတော့ မေဂျာလိဂ်ကလပ်တချို့ဒါမှမဟုတ် အင်တာမီလန်ကိုပြောင်းရွှေ့ဖို့ အသံထွက်နေပါတယ်။ တဖက်မှာတော့ ကမ္ဘာ့အဆင့်ထိပ်တန်းဂိုးသွင်းနှုန်းတွေပြထားတဲ့ ဟာလန်းအနေနဲ့ မန်စီးတီးကိုပဲ ပြောင်းသွားနိုင်တဲ့အချက်က သူ့ရဲ့ပြောင်းရွှေ့ကြေးကြောင့်ပါ။

ဂျေဒင်ဆန်ချိုလို ယူရိုသန်း (၁၀၀)အထက်နဲ့မှလက်လွှတ်မယ့်ဟာလန်းကို မန်စီးတီးအပါဝင်ထိပ်တန်းကလပ်တချို့ကပဲ ခေါ်နိုင်မှာက သတင်းကိုပိုသေချာစေပါတယ်။ ပရီးမီးယားလိဂ်ကိုကြိုက်တယ်လို့ ဝန်ခံထားပြီး၊ လိဒ်ယူနိုက်တက်ရဲ့ ပရိသတ်လည်းဖြစ်တဲ့ဟာလန်းတယောက်အခုလို သတင်းထွက်လာတဲ့အချက်က အဂူရိုရဲ့စာချုပ်အပေါ်မူတည်နေသေးတဲ့အတွက် စောင့်ကြည့်ရမှာပါ။ ပတ်ဂွါဒီယိုလာကလည်း စာချုပ်ထပ်မချုပ်ခဲ့ရင်တော့ ပြုပြင်ပြောင်းလဲမှုတခုမှာ ဟာလန်းဟာ မန်စီးတီးဂျာစီကိုဝတ်ဆင်ဖို့ အသေချာဆုံးတိုက်စစ်မှူးဖြစ်လာဖို့ရှိနေပါတယ်။

Aung Bwa – SportsGabar