မန်စီးတီးကနေ အဂူရိုကို ခေါ်ယူဖို့ အသေးစိတ် စီစဉ်ထားပြီဖြစ်တဲ့ အင်တာမီလန်

အပြောင်းအရွှေ့ပိတ်သွားတာမှ ရက်ပိုင်းပဲ ရှိသေးပေမဲ့ အင်တာမီလန်အသင်းရဲ့ အစီအစဉ်တွေက ရပ်တန့်သွားဖို့ရှိမနေပါဘူး။ နည်းပြကွန်တီရဲ့လက်ထက်မှာ ပရီးမီးယားလိဂ်ကစားသမားတွေကို ခေါ်နေကြထုံးစံအတိုင်း ဆက်ပြီးခေါ်ဆောင်ဖို့ ကစားသမားကို စီစဉ်ထားပြီဖြစ်ပါတယ်။ အီတလီသတင်းစာ ကယ်စီယိုမာကာတိုက (Calciomercato )က အသေးစိတ်အနေနဲ့ ဖော်ပြလိုက်ပါတယ်။

“အင်တာမီလန်တို့ဟာ အရင်က သူတို့ပစ်မှတ်ထားတဲ့ ကစားသမားကို ခေါ်ဆောင်ဖို့စီစဉ်နေပါတယ်။ ဒီတကြိမ်မှာတော့ ကစားသမား စာချုပ်ကုန်တဲ့အထိ စောင့်ဆိုင်းခေါ်ယူမှာပါ။ တိုက်စစ်မှူး အဂူရိုကိုခေါ်ဆောင်မှာဖြစ်ပါတယ်။ အဂူရိုဟာ မန်စီးတီးနဲ့ စာချုပ်သက်တမ်းကုန်တော့မှာဖြစ်ပေမဲ့ နောက်ထပ်စာချုပ်သစ်ထပ်ချုပ်ဖို့ ဆန္ဒမရှိပါဘူး။”

“ဒီအနေအထားမှာ အင်တာမီလန်ဟာ အဂူရိုကို သူတို့ရဲ့ဦးစားပေးအစီအစဉ်အနေနဲ့ ခေါ်ယူမှာပါ။ အင်တာတိုက်စစ်မှာ မာတီနက်ဇ်ရှိပေမဲ့ အနာဂတ်မှာ ကစားသမားကိုခေါ်ယူလိုတဲ့အသင်းတွေများနေတဲ့အနေအထားကြောင့် လက်လွှတ်ရဖို့ရှိနေပါတယ်။ ဒါကြောင့် ပွဲထွက်ခွင့်အာမခံနဲ့အတူ အဂူရိုကိုကြိုးပမ်းလာမယ့် အင်တာမီလန်ဟာ တိုက်စစ်အတွက် ကြိုစီစဉ်ထားပြီးဖြစ်နေပါတယ်။”

” တဖက်မှာတော့ အာလင်ဟာလန်းကို မန်စီးတီးတာဝန်ရှိသူတွေက ကြိုးပမ်းမှာဖြစ်ပါတယ်။ ဒါကြောင့် နောက်လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အင်တာမီလန်ရဲ့အဂူရိုကို အလွတ်ကြေးခေါ်ဆောင်မှုကို ကျိန်းသေတွေ့ရမှာဖြစ်ပါတယ်။ နှစ်နှစ်စာချုပ်နဲ့ဖြစ်ပြီး၊ ကစားသမားတောင်းဆိုတဲ့ လစာပမာဏကိုပဲမြုပ်နှံမယ်လို့သိရပါတယ်။ အင်တာဥက္ကဌ မိုရော့တာရဲ့စဉ်းစားထားတဲ့ ပမာဏက တနှစ်ကို ယူရို (၇-၈)သန်းပါ’ ဆိုပြီးဖော်ပြထားပါတယ်။

သတင်းကိုတော့အတည်တကျ ဖော်ပြထားတဲ့အတွက် အင်တာမီလန်ရဲ့အနာဂတ်အစီအစဉ်မှာ အဂူရိုပါဝင်နေတာသေချာနေပါပြီ။ မာတီနက်ဇ်ကို ရောင်းချဖို့လည်းစဉ်းစားထားပြီး၊ အဂူရိုကို လစာပမာဏအမြင့်တခုနဲ့ကမ်းလှမ်းမယ့်အပေါ် တကယ်ပဲဖြစ်လာမလားက စိတ်ဝင်စားစရာပါ။ နည်းပြ ကွန်တီလက်ထက်မှာ ပရီးမီးယားလိဂ်အပြောင်းအရွှေ့က ဖြစ်ပျက်နေကြတဲ့အပေါ် တကယ်ဖြစ်လာဖို့ရှိနေပါတယ်။

Aung Bwa – SportsGabar