အင်္ဂလန်အနေနဲ့ ယူရိုနဲ့ ကမ္ဘာ့ဖလားရနိုင်တယ်လို့သုံးသပ်လိုက်ပြီး၊ စာချုပ်သစ်ကိုဖွင့်ဟခဲ့တဲ့ ဒီဘရိုင်း

ဘယ်လ်ဂျီယမ်ကို ကိုယ်စားပြုအနေနဲ့ အင်္ဂလန်ကို ရင်ဆိုင်တော့မယ့် မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းက ပြိုင်ဘက်အသင်းကို ချီးကျူးမှုလုပ်လိုက်ပါတယ်။ လက်ရှိအင်္ဂလန်ရဲ့အစုအဖွဲ့နဲ့ ယူရို ၊ ကမ္ဘာ့ဖလားတွေအထိ သိမ်းပိုက်နိုင်တယ်လို့ ဆိုလိုက်ပြီး၊ အင်္ဂလန်ဟာ အလားအလာရှိတဲ့အင်အားစုကို ပိုင်ဆိုင်ထားတယ်လို့ ဆိုလိုက်ပါတယ်။ ဆန်းဒေးမှာ အင်္ဂလန်နဲ့ ဝင်ဘလေကွင်းမှာမတွေ့ခင်ဖြစ်ပါတယ်။

” ကျွန်တော်ကတော့ အင်္ဂလန်ကို အတော်လေးစိတ်လှုပ်ရှားဖို့ ကောင်းတယ်လို့ ဆိုချင်တယ်။ အလားအလာတွေအများကြီးနဲ့ ငယ်ရွယ်တဲ့အသင်းတသင်းပေါ့။ အင်္ဂလန်အနေနဲ့ ရည်ရွယ်ထားသင့်တာက နောက်လာမယ့်ယူရိုနဲ့ ကမ္ဘာ့ဖလားကို ပစ်မှတ်ထားတာမျိုးပေါ့။ ကျွန်တော်က သူတို့မှာ ရနိုင်တဲ့ အလားလာရှိတယ်လို့ထင်တယ်။ ”

” ယူရိုနဲ့ ကမ္ဘာ့ဖလားကို ရချင်တဲ့အသင်းတွေကလည်း အများကြီးရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွေးနဲ့ဆိုရင်တော့ အင်္ဂလန်မှာရှိနေတဲ့ အင်အားစုက ထိပ်တန်းကလပ်တွေမှာ ကစားနေတဲ့သူတွေ၊ ဒါကြောင့် သူတို့အဲဒါကို ပစ်မှတ်ထားကိုထားသင့်တယ်” လို့ အကြံပေးလိုက်ပါတယ်။ ဒီဘရိုင်းရဲ့ပြောကြားချက်ကို နောက်ထပ်ထောက်ခံခဲ့သူကတော့ ဘယ်လ်ဂျီယမ်နည်းပြ မာတီနက်ပါပဲ။

” ဆောက်ဂိတ်ရထားတဲ့ ကစားသမားတွေက ကမ္ဘာ့ဘောလုံးလောကမှာဆိုရင် တဦးချင်းထူးချွန်စွမ်းရည်နဲ့ ကစားသမားတွေပါ။ ဒါက အဓိကပြိုင်ပွဲကြီးတွေမှာ သူတို့ဖလားရနိုင်တဲ့ အချိန်အခါကောင်းလို့ ပြောရပါတယ်။’ ဆိုပြီး ချီးကျူးခဲ့ပါတယ်။ တကယ်တမ်းမှာလည်းအင်္ဂလန်ရဲ့လူစာရင်းက အင်မတန်မှကို ရွေးချယ်စရာအပြည့်နဲ့ လူအင်အားက အတောင့်တင်းဆုံးကို ရောက်နေပြီဆိုနိုင်ပါတယ်။

ကုတ်ဒီ၊ ဂရီရယ်လစ်ရှ်၊ ကလဲဗက်လေဝင်၊ ဒန်နီအင်းတို့ကို အသစ်ခေါ်လိုက်ပေမဲ့ အသားကျခဲ့ပါတယ်။ ဘယ်လ်ဂျီယမ်နဲ့ အင်္ဂလန်တွေ့ဆုံမှုနဲ့ နောက်ဆုံးကမ္ဘာ့ ဖလား ရလဒ်အရ နှစ်ကြိမ်လုံး ဘယ်လ်ဂျီယမ်ကနိုင်ထားပါတယ်။ အခုတခေါက်တွေ့ဆုံချိန်မှာတော့ ဟာဇက်၊ ဒရိုင်းမာတင်တို့ မပါတော့တဲ့ ရွှေရောင်ကာလမျိုးဆက်သစ်ဘယ်ဂျီယမ်အနေနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

စာချုပ်သစ်နဲ့ ပတ်သက်လို့ အခုလိုထပ်ပြောပါတယ်။ နှစ်နှစ်သဘောတူခဲ့ပြီလို့ သတင်းတွေထွက်နေတဲ့အနေအထားမှာ ဒီဘရိုင်းကတော့ ခပ်အေးအေးပဲတုံ့ပြန်လိုက်ပါတယ်။” ကျွန်တော်မန်စီးတီးမှာ တော်တော်လေးပျော်နေပါတယ်။ ကလပ်ကိုလည်း အခုအချိန်ထိ စကားတခါမှလည်း မပြောရသေးပါဘူး။ ဒါကြောင့် ကျွန်တော်မန်စီးတီးနဲ့ တခုခုသဘောတူနေပြီဆိုတာမျိုး လူတွေကဘာလို့ပြောနေကြလဲကို မသိပါဘူး ”

” ကျွန်တော်လူတိုင်းကိုပြောဖြစ်တာက ငါမန်စီးတီးမှာပျော်နေတယ်။ ငါအဆင်ပြေတယ်လို့လည်း ခံစားရတယ်။ ဒါကြောင့် ကလပ်ကတာဝန်ရှိသူတွေက ငါ့ကိုစကားပြောမယ်ဆိုရင် ငါကတံခါးဖွင့်ထားတယ်။ ပြီးတော့ ဘာဆက်ဖြစ်မလဲကို ကြည့်လို့ရတယ်လို့။ ဒါပေမဲ့ အခုအချိန်မှာ ဘာမှမဖြစ်သေးပါဘူး။ ဒါကြောင့် အခုအချိန်မှာ သွားနေတဲ့အတိုင်းပဲ ဆက်သွားနေပါတယ်။’ ဆိုပြီး ဒီဘရိုင်းက ဖွင့်ဟခဲ့ပါတယ်။

Aung Bwa – SportsGabar