ပရီးမီးယား၊ လာလီဂါ၊ စီရီးအေ သုံးခုလုံးကို ရော်နယ်ဒိုအပြင် ရခဲ့ဖူးတဲ့ တယောက်တည်းသောကစားသမား

ခရစ္စတီယာနိုနဲ့ ပတ်သက်ရင် စံချိန်တွေအများကြီးရှိတဲ့အထဲက ဥရောပထိပ်သီးလိဂ်သုံးခုရဲ့ဖလားကိုယူဖူးတယ်ဆိုတဲ့ မှတ်တမ်းက အားရဖို့ကောင်းပါတယ်။ ဥရောပထိပ်သီးလိဂ်ခြောက်ခုမှာ အစဉ်လိုက်သုံးခုလုံးကိုယူဖူးတဲ့ ကစားသမားက ရော်နယ်ဒိုမတိုင်ခင်မှာ ဘယ်သူမှမရှိခဲ့ဖူးပါတယ်။ ဖီဖာကတောင် ထုတ်ပြန်ခဲ့တဲ့စာရင်းမှာ ရော်နယ်ဒိုကလည်း ပထမဆုံးအကြိမ် ဒီနာမည်ကြီးလိဂ်သုံးခုရဲ့ဖလားကိုရဖူးသူလို့ ကြေညာခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကို မန်ယူ၊ လာလီဂါကို ရီးရဲလ်နဲ့ ပြီးခဲ့တဲ့နှစ်စီးရီးအေကို ဂျူဗင်တပ်နဲ့ယူအပြီးမှာ စီရော်နယ်ဒိုဟာအဆိုပါစံချိန်ကိုတင်နိုင်ခဲ့ပါတယ်။ နောက်လူတွေလိုက်လုပ်ဖို့မလွယ်တဲ့ စံချိန်ကိုရော်နယ်ဒို ယူနိုင်ခဲ့ချိန်မှာ ITV ပရိုဂရမ်ရဲ့အစီအစဉ်တင်ဆက်သူ ပီယားမော်ဂန်က ရော်နယ်ဒိုတယောက်ပဲ ဒီစံချိန်ကိုလုပ်ထားခဲ့တယ်လို့ဆိုလိုက်ပါတယ်။ တကယ်တမ်းမှာတော့ မဟုတ်ခဲ့ပါဘူး။

ရော်နယ်ဒိုနည်းတူ ဒီစံချိန်ကိုတင်ထားနိုင်သူ တယောက်ဟာ တပြိုင်တည်းထွက်ပေါ်လာခဲ့ပါတယ်။ သူကတော့ ဂျူဗင်တပ်အသင်းဖော် ဒန်နီလိုပါပဲ။ အနည်းငယ် ရှုပ်ထွေးသွားတဲ့အခြေအနေကြောင့်သာ ဒန်နီလိုရတာကို ပရိသတ်တွေ သတိမထားမိခဲ့တာဖြစ်ပါတယ်။ ဒန်နီလိုက စီရော်နယ်ဒိုနဲ့ပဲအတူတူ (၂၀၁၆-၁၇)မှာ ရီးရဲလ်မက်ဒရစ်မှာ ကစားခဲ့ဖူးပါတယ်။ လာလီဂါရတဲ့နှစ်ပါ။

နောက်တော့ မန်စီးတီးကိုရောက်သွားပါတယ်။ (၂၀၁၇-၁၈)၊ (၂၀၁၈-၁၉)နှစ်နှစ်လုံးကို မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ထပ်ရပါတယ်။ နှစ်ခုရှိနေပါပြီ။ အဲဒီအချိန်မှာပဲ ဂျူဗင်-မန်စီးတီး အလဲအထပ်နဲ့ ဒန်နီလိုက ဂျူဗင်ကိုရောက်လာပါတယ်။ မန်စီးတီးက ဒန်နီလိုနဲ့ ဂျူဗင်တပ်ကဂျောင်ကန်ဆယ်လိုတို့ ကစားသမားချင်းအလဲအထပ်မှာ ဂျူဗင်တပ်ကို ဒန်နီလိုရောက်လာပြီး၊ ရောက်တဲ့နှစ်မှာပဲ ဖလားရပါတယ်။

ဒါပေမဲ့ ဒါကို ဖီဖာကလည်း သတိမထားမိခဲ့ပါဘူး။ သူတို့ရဲ့မှတ်တမ်းအရ ရော်နယ်ဒိုပဲလုပ်ထားနိုင်တယ်လို့ ထင်ခဲ့ပါတယ်။ တကယ်က အဓိကကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ထည့်ရင်တော့ မှန်မှာပါ။ ဒန်နီလိုက ပွဲထွက်ခွင့်သိပ်မရပေမဲ့ လေးနှစ်ဆက်တိုက် ဖလားယူနိုင်ခဲ့တဲ့ ကစားသမားဆိုလည်းမမှားပါဘူး။ ဒန်နီလိုသာနေတဲ့အချက်က ပေါ်တိုနဲ့ လိဂ်ဖလားနှစ်လုံးထပ်ရဖူးထားတဲ့အတွက် သူဟာ သမိုင်းမှာပထမဆုံးဖလားလေးလုံးရဖူးတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ပရိသတ်တွေအတွက် မှတ်သားဖို့ ကောင်းတဲ့ စံချိန်တခုပါပဲ။

Aung Bwa – SportsGabar