ပိုက်ဆံပေးမှကြည့်ရတော့မယ့် ပေးပါဗျူးလုပ်လိုက်တဲ့အပေါ် ပရီးမီးယားလိဂ်ပရိသတ်တွေကြေကွဲနေ

စကိုင်းစပေါ့နဲ့ ဘီတီစပေါ့တို့က ပရီးမီးယားလိဂ်ရဲ့ပေးပါဗျူးအစီအစဉ်အသစ်ကို လိုက်နာတဲ့အနေနဲ့ သူတို့ပြသနေတဲ့ပွဲစဉ်တွေကို အတူတူပူးပေါင်းပြသတော့မှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ နယူးကာဆယ်နဲ့ မန်ယူအသင်းကစားမယ့်ပွဲစဉ်ကို တပွဲ (၁၄.၉၅)ပေါင်နှုန်း ကျသင့်ငွေနဲ့ ပထမဆုံးပြသတော့မှာပါ။ တပွဲချင်းစီကို ကြည့်ဖို့ပေးရတဲ့ pay-per-view စနစ်နဲ့ ဖြစ်ပါတယ်။

ပြသလို့ရလာတဲ့ အကျိုးအမြတ်တွေကို ကွင်းထဲမှာလက်မှတ်မရောင်းရလို့ ပိုက်ဆံဆုံးရှုံးနေတဲ့ ပရီးမီးယားလိဂ်အသင်းတွေကို ခွဲဝေပေးသွားမှာပါ။ ဒီအချက်က တော်တော်လေးကို စိတ်ရှုပ်ထွေးသွားစေမယ့်အချက်ရှိပါတယ်။ အဲဒါကတော့ ဘီတီ၊ စကိုင်းစပေါ့တို့မှာ ပိုက်ဆံပေးပြီးကြည့်နေတဲ့ ကြည့်ရှုသူတွေကိုပါ တပွဲချင်းနှုန်းနဲ့ ပြန်ပြောင်းကြည့်ဖို့ကို တဖက်လှည့်နဲ့စီစဉ်လိုက်တာဖြစ်ပါတယ်။

ပရိသတ်တွေက ဒီအစီအစဉ်ကို ပေါက်ကွဲနေကြပါတယ်။ အိမ်မှာနေရင်း ဘောလုံးပွဲတပွဲကို ကြည့်ရဖို့ ပိုက်ဆံတွေအများကြီးပေးရမယ့်အပြင် ပိုက်ဆံဝင်ငွေနည်းနေတယ်ဆိုတဲ့ သူတို့ရဲ့ကလပ်တွေကို ထောက်ပံ့ပေးရမယ်ဆိုတဲ့အချက်ကြောင့်ပါ။ ပရီးမီးယားလိဂ်ဟာ ဒီရာသီမှာ အပြောင်းအရွှေ့အတွက်ချည်းပဲ ပေါင် (၁.၂)ဘီလျံအထိ ကစားသမားအင်အားဖြည့်တင်းထားပါတယ်။

ပြီးခဲ့တဲ့ဇွန်လကစလို့ စကိုင်းစပေါ့၊ ဘီတီ၊ အမေဇုန်ပရိုင်း၊ ဘီဘီစီမှာ ပိုက်ဆံပေးကြည့်နေတဲ့ပရိသတ်တွေဟာ တရာသီလုံးစာကို အလကားကြည့်ရပါတယ်။ အခု ပေးပါဗျူးစနစ်ကတော့ အင်္ဂလန်မှာရှိတဲ့ပရိသတ်တိုင်းအနေနဲ့ တီဗီကနေ ကြည့်ချင်ရင် အဆိုပါဝက်ဘ်ဆိုက်တွေမှာ တပွဲချင်းနှုန်းနဲ့ပေးရတော့မှာဖြစ်ပါတယ်။ မြန်မာငွေတပွဲကို သုံးသောင်းလောက်ကျသင့်မှာဖြစ်ပါတယ်။ အိမ်ကနေ ကြည့်ရဖို့ကိုပါ။

အောက်တိုဘာ (၁၇)ကနေ စလိုက်ပြီဖြစ်တဲ့အတွက် ပရီးမီးယားလိဂ်ပွဲစဉ် စုစုပေါင်း (၃၄)ပွဲလောက်ဟာ ပေးပါဗျူးဖြစ်လာဖို့ ရှိနေပါပြီ။ လတ်တလောမှာ စကိုင်းစပေါ့က ပွဲစဉ်ပေါင်း (၁၄၀)အထိပြဖို့ စီစဉ်ထားလို့သိရပါတယ်။ ယူကေက ပရိသတ်တွေကတော့ ပရီးမီးယားလိဂ်တပွဲကို အိမ်ကနေကြည့်ရဖို့ကို တရားဝင်ကြည့်မယ်ဆိုရင် နင့်နေအောင်ကိုပေးမှ ကြည့်ရတော့မှာဖြစ်ပါတယ်။

Aung Bwa – SportdGabar