အမ်ဘာပေထက်ကိုဦးစားပေးခေါ်မယ့် ကစားသမားကို ပစ်မှတ်ထားလိုက်တဲ့ ရီးရဲလ်

စပိန်နာမည်ကြီး ဒိုင်ရာရီယိုအေအက်စ်ကနေ တင်ဆက်လိုက်တဲ့ သတင်းတပုဒ်က စိတ်ဝင်စားဖို့ကောင်းလာပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းကြီးမှာ (၁၇)နှစ်နဲ့ပါဝင်ပွဲထွက်ခွင့်ရပြီး၊ ပထမဆုံးပွဲမှာပဲ ဦးဆောင်ဂိုးသွင်းပေးလိုက်တဲ့ (၁၇)နှစ်သားလေး အူဒါွဒို ကာမာဗင်ဂါကို စပိန်အင်အားကြီးကလပ်တခုက ခေါ်ယူဖို့ အဓိကပစ်မှတ်တွေထဲ သတ်မှတ်လိုက်ပြီဆိုတာပါ။

(၁၇)နှစ်ပဲရှိသေးတဲ့ ကာမာဗင်ဂါကို ရန်းနက်က ချန်ပီယံလိဂ်ကစာမယ့်လူစာရင်းမှာ ရွေးချယ်ဖို့ပြင်နေပါတယ်။ ပြင်သစ်ကလည်း အသင်းကြီးမှာပါဝင်ကစားစေခဲ့အပြီးမှာ ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမားခန့်အပ်ရေး ဥက္ကဌ ဂျူနီကလာဖက်က ကာမာဗင်ဂါကို ပစ်မှတ်ထားလိုက်ပါတယ်။ ဘယ်လောက်အထိလဲဆိုရင် အမ်ဘာပေနဲ့အတူတူကို အဓိကပစ်မှတ်အဖြစ်သတ်မှတ်လိုက်တာဖြစ်ပါတယ်။

“လာမယ့်အပြောင်းအရွှေ့ ဇန်နဝါရီ ဒါမှမဟုတ် နောက်နွေရာသီမှာ ကာမာဗင်ဂါကိုခေါ်ယူဖို့ ဇီဒန်းနဲ့ ဂျူနီကလာဖက်က မစောင့်နိုင်အောင်ဖြစ်နေပါပြီ။ ကာမာဗင်ဂါကို ဒီနွေရာသီမှာခေါ်ယူဖို့ ဆက်သွယ်ခဲ့ပေမဲ့ သူတို့ရဲ့ဆက်သွယ်မှုက အစောကြီးကတည်းက အဆုံးသတ်ပြီးသားပါ” လို့ အေအက်စ်ကဆိုထားပါတယ်။ တဖက်မှာတော့ ရန်းနက်ဥက္ကဌ နစ်ကိုလပ် ဟိုဗက်က သူတို့ရဲ့ကစားသမားကို စာချုပ်သက်တမ်းတိုးသွားမယ်လို့ အတည်ပြုထားပါတယ်။

(၂၀၂၂)အထိ စာချုပ်ကျန်နေတဲ့ ကာမာဗင်ဂါကို ရန်းနက်က စာချုပ်အသစ်နဲ့ ပြောင်းရွှေ့ကြေးအမြင့်ထပ်ချုပ်ရမယ့် အကြောင်းရင်းက ရီးရဲလ်ကြောင့်ပါ။ ကာမာဗင်ဂါကိုဆက်သွယ်ပြီး ပြောင်းရွှေ့ကြေးစုံစမ်းခဲ့ချိန်မှာ ယူရိုသန်း (၈၀)လောက်ပေါက်နေတဲ့အပေါ် သူတို့ရဲ့ကပ်ရောဂါကာလအတွင်း ဘဏ္ဍာရေးကြောင့် နောက်ဆုတ်ခဲ့တာဖြစ်ပါတယ်။

ဒီအချိန်မှာ ပြောင်းရွှေ့ကြေးပိုလိုချင်တဲ့ ရန်းနက်က နောက်နှစ်နွေမှာ တရာသီပဲကျန်တော့မယ့် ကစားသမားကြောင့် စာချုပ်သစ်မဖြစ်မနေလိုနေပါပြီ။ တဖက်မှာတော့ ကာမာဗင်ဂါကိုခေါ်ယူဖို့ ပီအက်စ်ဂျီနဲ့ ဂျူဗင်တို့ကို ကျော်ဖြတ်ဖို့လိုနေပေမဲ့ လိုအပ်လာရင် အမ်ဘာပေထက်ကို ဦးစားပေးပြီး၊ ရန်းနက်တောင်းဆိုတဲ့ ပမာဏကို ပေးချေဖို့အသင့်ဖြစ်နေပြီလို့လည်း ဖော်ပြထားပါတယ်။

Aung Bwa – SportsGabar