အင်္ဂလန်အသင်းရဲ့ စွမ်းဆောင်ရည်အကောင်းဆုံး ဂိုးသမားဖြစ်နေပေမဲ့ အရန်ပဲဖြစ်နေတဲ့ ဟန်ဒါဆန်

ဂါရတ်ဆောက်ဂိတ်ရဲ့ လက်ရွေးစင်ဂိုးသမားရွေးချယ်မှုက လတ်တလောမှာ အငြင်းပွားစရာဖြစ်နေပါတယ်။ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ကို ပထမဦးစားပေးနေရာကနေ ဖယ်ထုတ်ဖို့ စဉ်းစားနေပေမဲ့ ရွေးချယ်မယ့် အနေအထားမှာ နစ်ပုခ်ကို ဦးစားပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဝေးလ်အသင်းနဲ့ခြေစမ်းမယ့် နိုင်ငံတကာပွဲစဉ်မှာ ပစ်ဖို့ဒ်အစား နစ်ခ်ပုတ်ကို ရွေးချယ်လိုက်တာပါ။

ဘန်လေဂိုးသမား နစ်ခ်ပုတ်အနေနဲ့ ရွေးချယ်မှုပိုင်းမှာ ဟန်ဒါဆန်ထက်စီနီယာကျပါတယ်။ နစ်ခ်ပုတ်ပြီးမှ ဟန်ဒါဆန်ကို အစဉ်လိုက်သွားပေမဲ့ လက်ရှိအင်္ဂလန်ရဲ့ဦးစားပေး ဂိုးသမားသုံးယောက်လုံးမှာ ဟန်ဒါဆန်ရဲ့စွမ်းဆောင်ရည်က အကောင်းဆုံးပါ။ ဒါပေမဲ့ နစ်ခ်ပုတ်ကိုရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ပြီး၊ အကြောင်းက ပစ်ဖို့ဒ်ရဲ့ လတ်တလောပြသနေတဲ့ စွမ်းဆောင်ရည်တွေကြောင့်ဖြစ်ပါတယ်။

ပစ်ဖို့ဒ်ဟာ (၂၀၂၀)မှာ အမှားကနေ ဂိုးပေးမှုအများဆုံးအဖြစ် (၄)ကြိမ်ကို ကျူးလွန်ထားပါတယ်။ အင်္ဂလန်ရဲ့ဂိုးပေါက်ကို စိတ်ချရတဲ့အနေအထားမဖြစ်နိုင်တဲ့အထိ စဉ်းစားမှုတွေရှိလာချိန်မှာ နစ်ခ်ပုတ်ကို ဦးစားပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီကနေ အခုချိန်ထိနစ်ခ်ပုတ်ဟာ (၄၁)ပွဲကစားထားချိန်မှာ (၅၈)ဂိုးအထိပေးထားရပါတယ်။ ဂိုးပေါက်ကိုကာကွယ်နိုင်မှု (၆၈)ရာခိုင်နှုန်းပဲရှိပါတယ်။

အမှားကနေ ဂိုးပေးရမှုနှစ်ကြိမ်နဲ့ ကိုယ်ကြောင့်တဖက်ကဂိုးပေါက်ကန်ခွင့် ဖြစ်သွားတာ (၃)ကြိမ်ရှိသူပါ။ ဟန်ဒါဆန်ကတော့ မနှစ်ကရှက်ဖီးနဲ့ ဒီနှစ်မန်ယူအထိစုစုပေါင်း (၃၆)ပွဲကစားထားပြီး၊ (၃၃)ဂိုးခွင့်ပြုထားရပါတယ်။ ဂိုးကိုလာတဲ့ ဘောလုံးကိုကာကွယ်မှု (၇၄.၂)ရာခိုင်နှုန်းရှိပြီး၊ အမှားကနေ ဂိုးပေးရမှုတကြိမ်၊ ကိုယ့်ကြောင့်ကန်ချက် တကြိမ်ရှိထားပါတယ်။ သုံးယောက်လုံးမှာ အဆိုးဆုံးက လက်ရှိပထမဦးစားပေးပစ်ဖို့ဒ်ပါ။

(၄၂)ပွဲမှာ (၆၁)ဂိုး၊ (၆၂.၆)ရာခိုင်နှုန်းပဲ ကာကွယ်နိုင်ချိန်မှာ မနှစ်ကအပါဝင်အမှားကြောင့်ဂိုးပေးလိုက်ရတာက (၅)ဂိုးထိရှိလာပါပြီ။ ကိုယ်ကြောင့် (၈)ကြိမ်အထိ ဂိုးပေါက်ကို ကန်ခွင့်ပြုထားရပါတယ်။ ဒီအနေအထားက ဂိုးပေါက်ကိုသေချာပြင်ဆင်ဖို့လိုလာတဲ့ အင်္ဂလန်ကို မီးမောင်းထိုးပြနေတဲ့အတွက် ဆောက်ဂိတ်တယောက် ဘယ်သူ့ကို ဦးစားပေးဂိုးသမားထားတော့မလဲက ဝေးလ်နဲ့ပွဲအပြီးမှာ သိသာလာဖို့ရှိနေပါတယ်။

Aung Bwa – SportsGabar