မေဂျာလိဂ်ကို ရောက်ရောက်ချင်းမှာပဲ ပွဲဦးထွက်ဂိုးသွင်းလိုက်တဲ့ ဟီဂူအင်

ဒီနှစ်အပြောင်းအရွှေ့မပြီးခင်လေးကမှ ဟီဂူအင်တယောက် မေဂျာလိဂ်ကို ရောက်သွားပါတယ်။ ဂျူဗင်တပ်နဲ့သူနဲ့ကျန်ရှိနေတဲ့ စာချုပ်ကို နှစ်ဦးသဘောတူဖျက်သိမ်းလိုက်တာပါ။ တနှစ်ကျန်သေးပေမဲ့ ဟီဂူအင်ကိုမလိုအပ်တော့တဲ့အနေအထားမှာ ကစားနဲ့ညှိနှိုင်းခဲ့ပါတယ်။ နောက်တော့ ဟီဂူအင်တယောက် မေဂျာလိဂ်ကိုရောက်သွားပြီး၊ ဒေးဗစ်ဘက်ခမ်းပိုင်တဲ့ အင်တာမိုင်ယာမီနဲ့ ကစားဖို့ သဘောတူခဲ့ပါတယ်။

ရောက်ပြီး သိပ်မကြာခင်မှာပဲ အင်တာမိုင်ယာမီနဲ့ နယူးယော့ခ် ရက်ဘူးလ်တို့တွေ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားခဲ့ရပါပြီ။ ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ အာဂျင်တီးနားသားဟာ သူ့ရဲ့မေဂျာလိဂ်ပထမဆုံးဂိုးကို ဖရီးကစ်ကနေ လှလှပပသွင်းယူပေးခဲ့ပါတယ်။ ပွဲကစားချိန် (၈၁)မိနစ်လောက်မှာ ဧရိယာထိပ်နား ဂိုးရှေ့တည်းတည့်လောက်မှာ ကန်တန်ကောင်းဖရီးကစ်ကိုရခဲ့ပါတယ်။

ဟီဂူအင်ကို ယုံယုံကြည်ကြည်ပဲ ပေးကန်ဖို့ နည်းပြကဆုံးဖြတ်ခဲ့ကာ ပွဲဦးထွက်မှာပဲ ဖရီးကစ်တန်းကန်ခဲ့ရပါတယ်။ ဂိုသမားရဲ့ ညာဖက်ထောင့်ဆယ်ပြားစေ့ကို တန်းနေအောင်ဝင်သွားခဲ့ချိန်မှာတော့ ဟီဂူအင်ရဲ့မေဂျာလိဂ်ပွဲဦးထွက်က လှပနေခဲ့ပြီး၊ သူ့ရဲ့ခြေစွမ်းဟာ ထိပ်တန်းအဆင့်မှာ ရှိနေတဲဖြစ်တာကို ပြသခဲ့ပါတယ်။ အ ဆိုပါဂိုးကလည်း အနိုင်ဂိုးကို ဖြစ်စေခဲ့တာပါ။

(၁-၁) သရေကျနေချိန်မှာ ဝင်သွားခဲ့တာဖြစ်ပြီး၊ အင်တာမိုင်ယာမီရဲ့နိုင်ပွဲ တပွဲကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ မေဂျာလိဂ်ကလပ် မိုင်ယာမီဟာ ဟီဂူအင်ရောက်လာတဲ့သူတို့အသင်းရဲ့အနေအထားနဲ့ ပုံရိပ်မြင့်ဖို့ ကပ္ပတိန်ရာထူးထိပါပေးထားခဲ့တာပါ။ အခုလို အသင်းသစ်တသင်းနဲ့စကန်ပြီး၊ ဂိုးရယူနိုင်တဲ့နိုင်ပွဲတပွဲကို ဖန်တီးနိုင်တာဟာ ဟီဂူအင်အတွက် သီးသန့်မှတ်တမ်းကောင်းလည်းဖြစ်ပါတယ်။

ပွဲဦးထွက်တွေဆိုရင် ရှုံးတတ်တဲ့အပြင် ဂိုးမရတတ်တဲ့ ဟီဂူအင်ဟာ အခွင့်အရေးရရင်တောင် လွဲချော်တတ်ပါတယ်။ ချဲလ်ဆီးကိုရောက်လာချိန် ပွဲဦးထွက်မှာ (၃-ဝ)နဲ့ ရှုံးနိမ့်ဖူးပြီး၊ ပင်နယ်တီလွဲခဲ့တဲ့ ဖြစ်ရပ်ကလည်းရှိနေပါတယ်။ အခုမေဂျာလိဂ်သွင်းဂိုးကြောင့် ကစားသမားဘ၀ (၃၀၇)ဂိုးရှိလာပြီဖြစ်ပြီး၊ မေဂျာလိဂ်သွင်းဂိုးတဂိုးရှိပါတယ်။ ပြိုင်ပွဲပြီးဆုံးဖို့တော့ မေဂျာလိဂ်မှာ (၇)ပွဲပဲကျန်တော့တယ်လို့ သိရပါတယ်။

Aung Bwa – SportsGabar