(၂၀၁၈) ဘလွန်းဒီအော်ကိစ္စကြောင့် (၂)နှစ်ကျော်တဲ့ထိ စကားမပြောကြတော့တဲ့ ရာမို့စ်နဲ့ ရော်နယ်ဒို

ရာမို့စ်နဲ့ ရော်နယ်ဒိုရဲ့ ရီးရဲလ်မက်ဒရစ်က အတွဲအဖက်တွေကို ပရိသတ်တွေမှတ်မိမှာပါ။ ရီးရဲလ်မှာ အတူတူ အောင်မြင်မှုတွေရယူခဲ့တဲ့ သူတို့နှစ်ဦးဟာ အသင်းသား သံယောဇဉ်ဆိုတာထက်ပိုသူတွေပါ။ အခုလိုပိုတဲ့ ကစားသမားနှစ်ယောက်က လက်ရှိအချိန်မှာ မခေါ်နိုင်မပြောနိုင်ဖြစ်နေတာ (၂)နှစ်ကျော်ပြီဆိုရင် ပရိသတ်တွေ ယုံရခက်ခက်ဖြစ်နေဖို့ရှိနေပါတယ်။

တကယ်လည်း (၂)နှစ်ကျော်ပြီလို့ စပိန်သတင်းစာ မာကာက ဖွင့်ချလိုက်ပါတယ်။ စကားလည်းမပြောတဲ့အပြင် တယောက်နဲ့တယောက်တွေ့တာမျိုးလည်းမလုပ်တော့တဲ့ ဒီကစားသမားနှစ်ယောက်ကြားက တင်းမာမှုနဲ့ အဲဒီတင်းမာမှုနဲ့ဆက်စပ်နေတဲ့အကြောင်းက (၂၀၁၈)မှာ မိုဒရစ် ဘလွန်းဒီအော်ရသွားတဲ့ကိစ္စအပြီးမှာဖြစ်ပါတယ်။ မိုဒရစ်ဘလွန်းဒီအော်ရသွားချိန်မှာ ရော်နယ်ဒိုက အခုလိုပြောခဲ့ပါတယ်။

” အမှန်ပေါ့.. ကျွန်တော်စိတ်ပျက်မိပါတယ်။ ကွင်းထဲမှာဆိုရင် ကျွန်တော်ဘလွန်းဒီအော်ရဖို့ အကုန်လုပ်ခဲ့ပါတယ်။ ကိန်းဂဏန်းတွေက လိမ်မပြောပါဘူး။ ကျွန်တော်မရဘူးဆိုရင် မပျော်မရွှင်ဖြစ်မိတာမျိုးလည်းမဟုတ်ပါဘူး။ ကျွန်တော့်မှာ နှစ်လိုဖွယ်ကောင်းတဲ့ သူငယ်ချင်းတွေနဲ့ မိသားစုရှိပါတယ်။ ကျွန်တော် အကောင်းဆုံးထဲက ကလပ်တစ်ခုမှာ ကစားနေပါတယ်။ ”

” မိုဒရစ်ကို ကွန်ဂရက်ကျူလေးရှင်းလို့ ပြောပါရစေ၊ ဆုရသွားတဲ့အတွက်ပေါ့၊ ဒါပေမဲ့ နှောက်နှစ်မှာ ကျွန်တော်တို့ထပ်တွေ့ပါလိမ့်မယ်။ ပြီးတော့ ဆုရဖို့ကျွန်တော့်အနေနဲ့ အမျိုးစုံထပ်ပြီး ကြိုးစားမှာပါ။ ကျွန်တော်အိမ်ပြန်ပြီး ငိုနေလိမ့်မယ်လို့တော့ ခင်ဗျားမထင်ပါနဲ့” ဆိုပြီး ပြောလိုက်ပါတယ်။ စီရော်နယ်ဒိုဟာ ဒီစကားကိုမိုဒရစ် ဘလွန်းဒီအော်ရအပြီးမှာ မှတ်ချက်ပေးပြောဆိုခဲ့တာပါ။

အခုလိုမှတ်ချက်တွေအပေးအပြီးမှာ စီရော်နယ်ဒိုရဲ့ရီးရဲလ်ကထွက်ခွာမှုဖြစ်ခဲ့သလို ဂျူဗင်တပ်ကို စံချိန်တင်ဈေးတရပ်နဲ့ ရောက်သွားပါတော့တယ်။ ရာမို့စ်ကလည်း ရော်နယ်ဒိုရဲ့ စကားကြောင့် တင်းသွားခဲ့ပြီး၊ (၂၀၂၀)ရောက်ချိန်အထိ အဆက်အစပ်မရှိတော့ဘဲ ရော်နယ်ဒိုနဲ့ နှစ်ယောက်သား စကားမပြောနိုင်ဖြစ်နေခဲ့တယ်လို့ မာကာက ဖော်ပြခဲ့ပါတယ်။ မာဆယ်လိုနဲ့တော့ ရော်နယ်ဒိုဟာ အချိန်မရွေးအဆက်အသွယ်ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

ကြားထဲမှာ အယ်ကလက်စီကိုပွဲတပွဲဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်ပွဲကို (၂၀၂၀)မတ်ချ်လတုန်းကတော့ ရော်နယ်ဒိုတက်ရောက်ခဲ့ဖူးပါသေးတယ်။ အဲဒီတုန်းကလည်း ပွဲမပြီးခင်မှာပြန်သွားခဲ့တဲ့အတွက် ရာမို့စ်နဲ့ ရော်နယ်ဒိုစကားမပြောဖြစ်ခဲ့ပါဘူး။ အခုတခေါက် ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်နဲ့ ရီးရဲလ်မက်ဒရစ်တွေ့ဆုံဖို့ ပရိသတ်တွေက မျှော်လင့်နေပြီး၊ တွေ့ခဲ့ရင် စကားပြောဖြစ်မလားကို စိတ်ဝင်စားနေကြပါတယ်။

Aung Bwa – SportsGabar