နံနက်ပိုင်း အားကစားသတင်းတိုများ (၈.၁၀.၂၀၂၀)

မန်ယူအသင်းတိုက်စစ်မှူး ကာဗာနီတယောက် လာမယ့် (၂၀)ရက်နေ့ ပီအက်စ်ဂျီနဲ့ပွဲစဉ်မှာ ခန့်မှန်းထားသလို ပါဝင်နိုင်ဖို့ မရှိဘူးလို့သိရပါတယ်။ ကွာရင်တိုင်းဥပဒေအရ (၁၄)ရက်ဝင်ရဖို့ရှိနေတဲ့အပေါ်မှာ (၁၉)ရက်နေ့အထိအသင်းနဲ့ထရိန်နင်ပူးပေါင်းနိုင်မှာမဟုတ်တဲ့အတွက် (၂၀)ရက်နေ့ပွဲကို လွဲချော်မှာဖြစ်ပါတယ်။

ဝက်စ်ဘရွန်းအသင်းရဲ့ (၃၂)နှစ်အရွယ် တိုက်စစ်မှူး ဂရော်ဆစ်ကီတယောက် ပိုလန်၅-၁ဖင်လန် ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ တပွဲမှမထွက်ရသေးပေမဲ့ ခြေစမ်းပွဲစဉ်မှာ အသင်းအတွက်ဟက်ထရစ်အထိ သွင်းယူနိုင်ခဲ့ကာ ဂရော်ဆစ်ကီအနေနဲ့ ပွဲထွက်ဖို့အသင့်ဖြစ်နေတာကို ဟက်ထရစ်နဲ့သံချောင်းခေါက်လိုက်ပါတယ်။

နယ်သာလန်နဲ့ မက္ကဆီကိုတို့ကစားခဲ့တဲ့ ပွဲစဉ်က (ဝ-၁)နဲ့အတူ ပြီးဆုံးခဲ့ပါတယ်။ မက္ကဆီကိုအတွက် တလုံးတည်းသောအနိုင်ဂိုးဖြစ်လာမယ့်အလုံးကို ဝုဗ်တိုက်စစ်မှူး ဂျင်မီနက်က သွင်းယူပေးခဲ့ပြီး၊ ပင်နယ်တီကနေတဆင့် အနိုင်ပွဲတပွဲကို ဖန်တီးနိုင်ခဲ့ပါတယ်။

ပေါ်တူဂီနဲ့ ခြေစမ်းခဲ့တဲ့ စပိန်အသင်းပွဲစဉ်ကတော့ (ဝ-၀)ရလဒ်နဲ့အတူ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ စပိန်အနေနဲ့ ကစားကွက်အသာ၊ ပိုင်ဆိုင်မှုအသာနဲ့ ပွဲချိန်တွင်းခြေစွမ်းပြခဲ့ပေမဲ့ လိုအပ်နေတဲ့သွင်းဂိုးကို ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဆုံးသတ်တွေအားနည်းခဲ့တာကြောင့် သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

ကျန်တဲ့နိုင်ငံတကာခြေစမ်းပွဲတွေအဖြစ် ပြင်သစ် ၇-၁ ယူကရိန်း၊ ဆွစ်ဇာလန် ၁-၂ ခရိုအေးရှား၊ ဆလိုဗေးနီးယား ၄-၀ ဆန်မာရီယို၊ အီတလီ ၆-၀ မော်ဒိုဗာ၊ ဂျာမနီ ၃-၃ တူရကီ၊ အန်ဒိုရာ ၁-၂ ကိတ်ဗာဒီ၊ သြစတြီးယာ ၂-၁ ဂရိ၊ လူဇင်ဘတ် ၁-၂ လက်ချင်စတိန် တို့ဖြစ်ပါတယ်။

အင်္ဂလန်ကစားသမားသုံးဦးဖြစ်တဲ့ အေဗရာဟမ်၊ ဘင်ချီဝယ်နဲ့ ဂျေဒင်ဆန်ချိုတို့ဟာ အေဗရာဟမ်ရဲ့မွေးနေ့ပွဲမှာ လူစုလူဝေးကိုသတ်မှတ်အရေအတွက်ထက် ပိုစုခဲ့တာကြောင့် ကွာရင်တိုင်းဝင်ရမယ်လို့သိရပါတယ်။ ဒီအနေအထားကြောင့် ဝေးလ်နဲ့ ခြေစမ်းပွဲကိုလွဲချော်မှာဖြစ်ပြီး၊ တဖက်မှာတော့ ဘယ်လ်ဂျီယမ်နဲ့ပွဲစဉ်တွေကိုပါ ဆက်လွဲချော်နိုင်တယ်လို့ဆိုပါတယ်။

စကော့တလန်အသင်းကလည်း အလားတူ ပြဿနာကြုံနေရပါတယ်။ အမ်စထရောင်း၊ တီယားနေး၊ ခရစ္စတိုင်းတို့သုံးဦးလုံး ကွာရင်တိုင်းဝင်ရမယ်လို့သိရပါတယ်။ အမ်စထရောင်းမှာ ပိုးတွေ့ခဲ့ချိန်မှာ ထိတွေ့ခဲ့တဲ့ ကစားသမားနှစ်ဦးကလည်း ကွာရင်တိုင်းဝင်ရမယ်လို့ သတ်မှတ်လိုက်တာဖြစ်ပါတယ်။

Aung Bwa – SportsGabar