ကိုးမန်းလုပ်ရပ်တွေကြောင့် ဘာစီလိုနာမှာ မပျော်တော့ဘူးဆိုတဲ့ ဂရေ့ဇ်မန်း

ဘာစီလိုနာရဲ့နည်းပြအသစ်ကိုးမန်းနဲ့ အစပိုင်းမှာ အဆင်ပြေတဲ့ သတင်းတွေထွက်ခဲ့ပေမဲ့ လက်တွေ့မှာ ဂရေ့ဇ်မန်းတယောက် မပျော်မရွှင်ဖြစ်နေပြီလို့သိရပါတယ်။ ဆွာရက်ကို အသင်းမှာအသုံးမဝင်တော့ဘူးပြောပြီးနောက်ပိုင်း ဂရေ့ဇ်မန်းကို ဗဟိုမှာထားကစားဖို့ ဆုံးဖြတ်လိုက်ပြီလု့ိ ပြောခဲ့ပေမဲ့ တကယ်တမ်းမှာတော့ မဟုတ်ခဲ့ပါဘူး။ မက်ဆီကိုသာ ဖော့စ်နိုင်းအနေနဲ့ ကစားစေခဲ့ပါတယ်။

ဂရေ့ဇ်မန်းကိုတောင်ပံမှာဆက်ထုတ်ပြီး၊ ကော်တင်ဟိုကို နံပါတ် (၁၀)နေရာထားကစားချိန်မှာ ညာတောင်ပံက မဆင်းခဲ့ရတဲ့အတွက် ဂရေ့ဇ်မန်းတယောက် မပျော်ရွှင်တော့ပါဘူး။ ဒီအကြောင်းကို သူ့ရဲ့ပြင်သစ်လက်ရွေးစင်နည်းပြ ဒက်စ်ချမ့်ကို ဖွင့်ဟခဲ့ကာ ဒက်စ်ချမ့်က ဒီအကြောင်းကို အင်တာဗျူးမှာ ပြန်ဖွင့်ဟခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ပြင်သစ်အသင်းရဲ့နိုင်ငံပွဲအတွက် ပွဲကြိုအင်တာဗျူးမှာပါ။

” ကျွန်တော် ဂရေ့ဇ်မန်းနဲ့ စကားပြောနေပါတယ်။ ပြီးတော့ ကျွန်တော်နောက်ပိုင်းကျရင် သူ့နဲ့တွေ့ဖြစ်မှာပါ။ သူအခုဘာစီလိုနာမှာ ကစားနေရတဲ့အခြေအနေနဲ့တ်သက်လို့ ပျော်ရွှင်နေတာမျိုးမရှိပါဘူး။ တခြားကလပ်တွေမှာ ကျွန်တော့်ကစားသမားကို သုံးနေတဲ့ပုံစံနဲ့ပတ်သက်လို့ ကြားဝင်စွက်ဖက်တာမျိုးလည်း ကျွန်တော်မလုပ်ချင်ပါဘူး။ ဘာကာမှာ မကလို့ ဘယ်မှာပဲဖြစ်ဖြစ်ပါ”

” ဂရေ့ဇ်မန်းကအခု ဘာစီလိုမှာ ညာတောင်ပံထွက်ကစားနေရပါတယ်။ ကိုးမန်းသူ့ကို အမှန်တကယ်ပြောခဲ့တာက ဗဟိုပိုကျတဲ့နေရာမှာ ကစားရမယ်ဆိုပြီးတော့ကစားခိုင်းတာကို နားမလည်ဘူးဆိုပြီးတော့ပါ။ ဒါပေမဲ့ ဂရေ့ဇ်မန်းက ဒီ့ကနေမှာ အဲဒီနေရာကိုအသားကျပြီးသားလူပါ။ ကျွန်တော့်အတွက်ဆိုရင် ပြင်သစ်မှာ ဂရေ့ဇ်မန်းကို အလယ်မှာကစားခိုင်းရင် ပိုပြီးတော့ အကျိုးသက်ရောက်မှုရှိပါတယ်။ ”

” သူဘောလုံးကို အများကြီး ထိနိုင်တဲ့အခါမှာပေါ့။ အဲဒီကစားတဲ့နေရာမှာဆိုရင် သူကွင်းလယ်ကိုလည်း ကူလို့ရတဲ့ အနေအထားမျိုးတွေမှာရှိနေပါတယ်။ ဂရေ့ဇ်မန်းမှာ အမှန်ပြောရရင် တောင်ပံတွေမှာ တခြားသူတွေလို ကျော်ဖြတ်ပြီးဘောလုံးရယူနိုင်စွမ်းမရှိပါဘူး။ သူဘောလုံးကို အများကြီးထိဖို့လိုတယ်ပြီးတော့ သူကစားတတ်တဲ့ နေရာမှာပဲ သူက စမတ်ကျပါတယ်” ဆိုပြီး ဂရေ့ဇ်မန်းကို တောင်ပံထားနေတဲ့ လုပ်ရပ်ကိုပြောခဲ့ပါတယ်။

တကယ်လည်း ဂရေ့ဇ်မန်းတယောက် ကစားပြီးခဲ့တဲ့ သုံးပွဲလုံးတောင်ပံထွက်ကစားရတာပါ။ မက်ဆီကိုဗဟိုထား၊ ကော်တင်ဟိုကွင်းလယ်တိုက်စစ်နဲ့ လူငယ်လေး အန်ဆုဖာတီက ဘယ်တောင်ပံကနေ ကစားနေတာဖြစ်ပါတယ်။ ဗဟိုကိုပြန်ဝင်ရမယ်ထင်ခဲ့ပေမဲ့ ညာတောင်ပံကိုထွက်နေရတဲ့ ဂရေ့ဇ်မန်းတယောက် ထင်ထားတဲ့ဂိုးတွေတော့ မရသေးပါဘူး။ ပြင်သစ်နည်းပြကတော့ သူ့ကစားသမားက ကိုးမန်းအခုလိုကစားခိုင်းတာကို မပျော်ရွှင်ဘူးလို့ ဖွင်ဟလိုက်ပြီဖြစ်ပါတယ်။

Aung Bwa – SportsGabar