နံနက်ပိုင်း အားကစားသတင်းတိုများ (၇.၁၀.၂၀၂၀)

ဘာစီလိုနာအသင်းအနေနဲ့ သူတို့ရဲ့ တိုက်စစ်မှူးဟောင်း ဆွာရက်ရဲ့ ကျောနံပါတ် ၉ ကို အသင်းရဲ့တိုက်စစ်မှူး ဘရေ့ဝိတ်ဆီပေးအပ်လိုက်ပြီလို့ သိရပါတယ်။ ဘရေ့ဝိတ်အနေနဲ့ ဘာစီလိုနာရဲ့ ကျောနံပါတ် ၉ ဖြစ်လာပြီးနောက် ပွဲထွက်ခွင့်တွေ ပိုရလာဖို့ ရှိနေပါတယ်။

မန်ယူအသင်းကတော့ သူတို့ရဲ့ကျောနံပါတ် (၇)ကို အသင်းရဲ့တိုက်စစ်မှူးသစ် ကာဗာနီကို ပေးလိုက်ပြီဖြစ်ပါတယ်။ ဆန်းချက်ထွက်ခွာပြီးကတည်းက ပိုင်ရှင်မဲ့နေခဲ့တဲ့ ဂျာစီကို ကာဗာနီတယောက် ဝတ်ဆင်ကစားချိန်မှာ စံချိန်ကောင်းတွေ ပြန်ယူလာနိုင်ဖို့ စောင့်ကြည့်သွားရပါမယ်။

ဒေါ့မွန်ကစားသမားဟောင်း ဂေါ့ဇီအနေနဲ့ PSV အသင်းကို (၂)နှစ်စာချုပ်နဲ့အတူ အလွတ်ကြေး ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။ ဒေါ့မွန်နဲ့စာချုပ်သစ်မဆွေးနွေးတော့ဘဲ အသင်းကနေ ထွက်ခွာချိန်မှာ PSV တို့ ခေါ်ယူခဲ့တာဖြစ်ပြီး၊ အလွတ်ကြေးဖြစ်နေတာကို အကောင်းဆုံးအသုံးချနိုင်ခဲ့ပါတယ်။

ရီးရဲလ်အသင်းဖော်ဟောင်း မိုဒရစ်က စပါးကိုအငှားနဲ့ပြောင်းသွားတဲ့ ဂါရတ်ဘေးလ်ဟာ အရှက်အကြောက်ကြီးတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ သူ့နဲ့အတူ စပိန်စကားတွေပြောပြီး၊ ဟာသလုပ်တတ်သလို ရှက်လည်းရှက်တတ်တဲ့ ကစားဖော်ပါလို့ ဘေးလ်နဲ့ပတ်သက်လို့ အမှတ်တရပြောလိုက်ပါတယ်။

လက်စွမ်းတွေနိမ့်ကျနေပြီး၊ ဂိုးသမားအသစ် အီဒူရက် မန်ဒီရောက်လာပေမဲ့ ချဲလ်ဆီးရဲ့ နံပါတ်တစ်နေရာကို သူဆက်ယူနေထားနိုင်တယ်လို့ ကီပါက ယုံကြည်နေပါတယ်။ လက်စွမ်းနိမ့်တဲ့ အခိုက်အတန့်တွေရှိနေပေမဲ့ ဒါဟာသဘာဝပဲလို့ ကီပါက ဖွင့်ဟလိုက်ကာ သူလက်စွမ်းပြန်ပြနိုင်မယ်လို့ ဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းရဲ့ကွင်းလယ်ကစားသမား အိုဇေးလ်က အသင်းရဲ့လာဘ်ကောင်ရုပ် ဂန်းနားဆောရက်အတွက် လစာငွေကိုစိုက်ထုတ်ပေးမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အသင်းဖက်က အခုလို လာဘ်ကောင်ရုပ်ဝန်ထမ်းကိုအလုပ်နားထားတာဟာ ပရိသတ်မရှိလို့ဖြစ်ပြီး၊ ပရိသတ်ရှိလာရင် ပြန်ဝင်ခိုင်းမယ်လို့ အသိပေးလိုက်ပါတယ်။

Aung Bwa – SportsGabar