ကွင်းထဲပြန်ဝင်ခွင့်ရဖို့ လွှတ်တော်ထိတက်လှုပ်ရှားမယ့် ပရီးမီးယားလိဂ်ပရိသတ်တွေ

ပြိုင်ဆိုင်မှုပြင်းတဲ့ အားပေးမှုတွေပြန်လုပ်ရဖို့ ပရိသတ်တွေ ကွင်းထဲဝင်ခွင့်ရဖို့လိုပါတယ်။ အစိုးရက ခွင့်မပြုထားတဲ့အဆုံး၊ ပရိသတ်တွေကိုယ်တိုင်ကပဲ ကွင်းထဲပြန်ဝင်ခွင့်ရဖို့ ကြိုးစားရမှာပါ။ ကြိုးစားလို့ရတဲ့ နည်းလမ်းတခုပေါ်ထွက်လာပြီဖြစ်ပြီး၊ အသနားခံလွှာလို့ခေါ်တဲ့ အစီအစဉ်ကနေတဆင့် လုပ်ဆောင်တော့မှာပါ။ ဒီအစီအစဉ်ကို ဘောလုံးပရိသတ်တွေကပဲ ပြန်စလိုက်တာဖြစ်ပါတယ်။

အသနားခံလွှာအစီအစဉ်ကို လုပ်ဆောင်နိုင်မယ့်နည်းလမ်းက ဥပဒေကြောင်းအရဆိုရင် ပရိသတ်လက်မှတ်တသိန်းလိုပါတယ်။ ကွင်းထဲကို ဆိုရှယ်ဒစ္စတန်းဆင်းနဲ့ဝင်ပြီး၊ သတ်မှတ်အရေအတွက်နဲ့ကြည့်နိုင်မယ့် အစီအစဉ်ကို အရင်ဆုံးလွှတ်တော်ထဲရောက်အောင်လုပ်ရမှာပါ။ အဲဒီလိုလုပ်ဖို့အတွက် ထောက်ခံကြောင်း ရေးထိုးထားတဲ့ လက်မှတ်တသိန်းအထိလိုမှာဖြစ်ပါတယ်။

ပရိသတ်တသိန်းရဲ့လက်မှတ်တွေရတာနဲ့ လွှတ်တော်ထဲကို တင်သွင်းနိုင်ပါပြီ။ လွှတ်တော်ထဲရောက်ရင်တော့ Debate အနေနဲ့ အချေအတင်ဆွေးနွေးအပြီးမဲခွဲမှာပါ။ မဲခွဲလို့ အနိုင်ရရင်တော့ ပရိသတ်တွေကွင်းထဲကို ပြန်ဝင်လို့ရတော့မှာဖြစ်ပါတယ်။ ကွင်းထဲကို ပြန်ဝင်မယ့်ပုံစံကလည်း သတ်မှတ်ထားတဲ့အတိုင်းပဲ လူအရေအတွက်အကန့်အသတ်နဲ့ပဲဝင်ရမှာပါ။

ဥရောပမှာ ထိပ်သီးလိဂ်တွေ အများစုက ဝင်ခွင့်ပြုနေပါပြီ။ ချန်ပီယံလိဂ်တာဝန်ရှိသူတွေကလည်း ဒေသဆိုင်ရာ ဥပဒေတွေက လက်ခံရင် ပရိသတ်ဝင်လို့ရပြီဆိုထားတဲ့အတွက် ပရီးမီးယားလိဂ်ပရိသတ်တွေအနေနဲ့ ကွက်ချန်ခံထားရသလို ဖြစ်နေပါတယ်။ လာလီဂါ၊ လီဂူးဝမ်း၊ ဘွန်ဒက်လီဂါနဲ့ စီးရီးအေပွဲစဉ်တွေမှာ အကန့်အသတ်နဲ့ ဝင်ခွင့်ရနေလို့ပါ။

အစီအစဉ်အောင်မြင်ဖို့ကိုတော့ မလွယ်ကူဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ ပရီးမီးယာလိဂ်သမိုင်းမှာ ပထမဆုံးဖြစ်တဲ့အတွက် အောင်မြင်သွားရင် နောက်ထပ် တောင်းဆိုမှုတွေကို လုပ်လာနိုင်လိုဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီအစီအစဉ်ကို ဒေါ့ကင်း ဝမ်ဒါယာ အက်ဖ်စီက ဦးဆောင်နေပြီး၊ သူတို့ရဲ့တရားဝင်တွစ်တာမှာ ဝက်ဘ်ဆိုက်လင့်ခ်နဲ့အတူ လက်မှတ်တွေ တောင်းခံနေပါတယ်။

Aung Bwa – SportsGabar