သောမတ်ပါတေးအတွက် အာဆင်နယ်တို့ စုစုပေါင်း ပေါင်သန်း (၁၁၀)နီးပါးအသုံးပြုခဲ့ရ

အာဆင်နယ်အသင်းရဲ့အံ့အားသင့်ဖွယ်ခေါ်ယူမှုထဲက တခုလို့ဆိုလို့ရမယ့် ခေါ်ယူမှုကို နောက်ဆုံးရက်မှာ ပြုလုပ်နိုင်ခဲ့ပါတယ်။ အက်သလက်တီကိုနဲ့ ကစားသမားကြားချုပ်ထားတဲ့ စာချုပ်ကို အာဆင်နယ်က ဖျက်သိမ်းကြေးပေးပြီး၊ လာလီဂါအဖွဲ့ချုပ်ကနေတဆင့် တိုက်ရိုက်ချုပ်ခဲ့တာဖြစ်ပါတယ်။ သောမတ်ပါတေးအတွက် အာဆင်နယ်ရဲ့ ခေါ်ယူမှုက အတော်လေးကိုမှ မြန်ဆန်လွန်းခဲ့တာပါ။

အဲဒီမတိုင်ခင် အချိန်ကာလအတော်ကြာကြာကတည်းက အာဆင်နယ်ဟာ ပါတေးကိုကြိုညှိနှိုင်းထားပြီးသားပါ။ သဘောတူညီချက်တွေအများကြီး ထွက်နေပေမဲ့ အာဆင်နယ်ဟာ ပါတေးချက်ချင်းလာချင်လောက်တဲ့အထိကို ဆွဲဆောင်နိုင်တဲ့ ပမာဏကို ကမ်းလှမ်းနိုင်ခဲ့ပါတယ်။ ကမ်းလှမ်းရုံသာမက ပါတေးတယောက်တည်းအတွက်ကို အာဆင်နယ်အနေနဲ့ ပေါင်သန်း (၁၁၀)အထိအသုံးပြုခဲ့တယ်လို့ Mirror ကဆိုလိုက်ပါတယ်။

သောမတ်ပါတေးအတွက် အာဆင်နယ်အနေနဲ့ ပြောင်းရွှေ့ကြေး စုစုပေါင်း (၅၂.၂၅)သန်းသုံးခဲ့ရတယ်ဆိုပါတယ်။ သတင်းတွေမှာတော့ ပေါင်(၄၅)သန်းလို့အကျယ်တဝင့်ဖော်ပြပြီးသားပါ။ Mirror ရဲ့ ပြောပြချက်မှာတော့ အနည်းငယ်ပိုနေပါတယ်။ ဒါ့အပြင် စာချုပ်ခပေါင် (၂.၅)သန်းနဲ့ အေ့ဂျင့်ကြေးအတွက် (၁၀)ရာခိုင်နှုန်းကို ပေးချေခဲ့ရတယ်ဆိုပါတယ်။

ဒါကြောင့် စုစုပေါင်းပေါင်း ပေါင်သန်း (၆၀)နီးပါးဖြစ်လာပါတယ်။ လေးနှစ်စာချုပ်နဲ့ချုပ်ခဲ့တဲ့အနေအထားမှာ တပတ်လုပ်ခ ပေါင် (၂၆၀၀၀၀)အထိပေးချေမယ်လို့ ဖော်ပြထားတဲ့အတွက် တနှစ်လစာ ပေါင် (၁၂.၅)သန်းဖြစ်ပါတယ်။ လေးနှစ်အတွက် ပေါင်သန်း (၅၀)ပါ။ စုစုပေါင်း ပေါင်သန်း (၁၁၀)နီးပါးဖြစ်လာမယ့်အပြောင်းအရွှေ့ကို နောက်ဆုံးနေ့မှာ လုပ်လိုက်တာလို့ဆိုရမှာပါ။

အာဆင်နယ်နဲ့ သတင်းဌာနတွေရဲ့ဖော်ပြချက်မှာတော့ လစာနှုန်းထားနဲ့ အေ့ဂျင့်ခကို မဖော်ပြထားတဲ့အတွက် အတည်ပြုဖို့ခက်ခဲနေဆဲပါ။ Mirror သတင်းစာတခုတည်းက အတည်ပြုထားတာဖြစ်တဲ့အတွက် တကယ်ပဲ သုံးခဲ့ရင်တော့ အံ့အားသင့်ဖွယ်ရာအသုံးပြုမှုဖြစ်ပါတယ်။ ပါတေးဟာ အက်သလက်တီကိုမှာ (၂၀၁၅) ကတည်းက အကယ်ဒမီကနေ အသင်းကြီးကို ပြောင်းကစားခဲ့တဲ့ ဂါနာလက်ရွေးစင်တယောက်လည်းဖြစ်ပါတယ်။

Aung Bwa – SportsGabar