ယူနိုက်တက် တိုက်စစ်မှူးသစ် ကာဗာနီရဲ့ ပရီးမီးယားလိဂ်စွမ်းဆောင်ရည်မှတ်တမ်း

အလွတ်ပြောင်းရွှေ့ကြေးနဲ့အတူ ယူနိုက်တက်နဲ့ တနှစ်စာချုပ်လိုက်တဲ့ ကာဗာနီတယောက်၊ အသင်းရဲ့တိုက်စစ်ကို အချိန်မီကုစားဖို့ ရောက်လာပါတယ်။ (၃၃)နှစ်အရွယ် တိုက်စစ်မှူးနဲ့ တနှစ်အပိုထပ်ဆောင်းချုပ်ဆိုခွင့်ပါဝင်တာက စွမ်းဆောင်ရည်ကိုကျေနပ်ရင် နောက်တနှစ်ထပ်ချုပ်မယ့်သဘောပါပဲ။ ဗဟိုတိုက်စစ်မှူး လိုအပ်နေတဲ့ ယူနိုက်တက်အတွက် ကာဗာနီရောက်လာတဲ့အနေအထားက ကျေနပ်စရာအချက်အလက်တွေလည်းရှိနေပါတယ်။

ကာဗာနီဟာ အင်္ဂလန်အသင်းတွေကို ကောင်းကောင်းရင်ဆိုင်ဖူးတဲ့အချက်ပါပဲ။ မှတ်တမ်းတွေအရ ချဲလ်ဆီးကို (၈)ကြိမ်အထိ ရင်ဆိုင်ဖူးပါတယ်။ အနိုင်လေးပွဲ သရေနှစ်ပွဲနဲ့ ရှုံးပွဲနှစ်ပွဲမှာ (၃)ဂိုးသွင်း၊ (၂)ကြိမ် ဖန်တီးထားနိုင်တဲ့အနေအထားက မဆိုးဘူးဆိုရမှာပါ။ မန်စီးတီးနဲ့ (၄)ကြိမ်တွေ့ဆုံထားတဲ့ မှတ်တမ်းမှာတော့ (၃)ဂိုးအထိ သွင်းထားပါတယ်။ ၁ပွဲရှုံး၊ ၂ ပွဲသရေ၊ တပွဲနိုင်နဲ့ ဂိုးဖန်တီးမှုတော့ တကြိမ်မှ မရှိထားပါဘူး။

ယူနိုက်တက်ပရိသတ်တွေအတွက် ကျေနပ်စေမယ့် အချက်ကတော့ အာဆင်နယ်နဲ့တွေ့ဆုံမှုမှတ်တမ်းပါပဲ။ ကာဗာနီအနေနဲ့ အာဆင်နယ်နဲ့ ပြိုင်ဘက်အဖြစ် (၂)ကြိမ်တွေ့ဆုံထားချိန်မှာ (၂)ဂိုးသွင်းထားပါတယ်။ (၂)ပွဲလုံး သရေကျထာတဲ့အပြင် နှစ်ပွဲလုံးဂိုးသွင်းနိုင်တဲ့ ရလဒ်မှတ်တမ်းက ကျေနပ်စရာအနေအထားပါ။ အဆိုးဆုံးမှတ်တမ်းကတော့ လီဗာပူးနဲ့ တွေ့ထားတဲ့ ပွဲစဉ်တွေပါပဲ။

လေးပွဲတွေ့ချိန်မှာ တဂိုးမှမရဖူးပါဘူး။ (၁)ပွဲပဲ အနိုင်ရထားပြီး၊ (၂)ကြိမ်ပဲ ဂိုးဖန်တီးထားနိုင်ပါတယ်။ ၁ ပွဲသရေ ၂ ပွဲရှုံးနဲ့ပါ။ ယူနိုက်တက်နဲ့တွေ့ဆုံထားတဲ့မှတ်တမ်းမှာတော့ ပီအက်စ်ဂျီရဲ့ချန်ပီယံလိဂ် (၃-၁)ရှုံးပွဲမှာ လူစားလဲပြီး ကန်ထားတာတကြိမ်ပဲရှိဖူးပါတယ်။ ရှုံးနိမ့်တယ်လို့တော့ ပြောမရပါဘူး။ ဒီမှတ်တမ်းအနေအထားအရ ကာဗာနီဟာ အင်္ဂလန်အသင်းတွေကို ရင်းနှီးပြီးသားလို့ဆိုရမှာပါ။

ပထမဆုံးပွဲထွက်ကစားနိုင်မယ့်ရက်ကတော့ လာမယ့် (၂၀)ရက်နေ့မှာ ပီအက်စ်ဂျီကို ပြန်ရင်ဆိုင်မယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာပါပဲ။ ကာဗာနီအတွက် ပထမဆုံးယူနိုက်တက် ပွဲဦးထွက်ပွဲဖြစ်လာနိုင်ပြီး၊ အသင်းဟောင်းကို ပြန်ရင်ဆိုင်ရဖို့ှရှိနေပါတယ်။ တသက်တာမှတ်တမ်းအရ (၄၃၈)ပွဲမှာ (၂၅၉)ဂိုးအထိ လိဂ်ဂိုးရှိထားတဲ့တိုက်စစ်မှူး ဖြစ်နေတာက ဂိုးသွင်းနှုန်းထက်မြက်နေတာကိုပြနေတဲ့အတွက် အလွတ်ကြေးနဲ့တန်လွန်းနေတယ်လို့ဆိုရမှာပါပဲ။

Aung Bwa – SportsGabar