နံနက်ပိုင်း အားကစားသတင်းတိုများ (၆.၁၀.၂၀၂၀)

အာဆင်နယ်အသင်းရဲ့အံ့အားသင့်ဖွယ်ရာ ကြိုးပမ်းမှုအနေနဲ့ အက်သလက်တီကို မက်ဒရစ်ကွင်းလယ်လူ သောမတ်ပါတေးကို နောက်ဆုံးနေ့အမီ စာချုပ်နိုင်ခဲ့ပါတယ်။ ပြောင်းရွှေ့ကြေးပေါင် (၄၅)သန်းပေးချေခဲ့ရပြီး၊ ရေရှည်စာချုပ်ချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ စာချုပ်ခဲ့တဲ့နှစ်နဲ့ လစာနှုန်းထားတွေ ကောလာဟလထွက်နေပေမဲ့ သောမတ်ပါတေးနဲ့ အာဆင်နယ်စာချုပ်ခဲ့တဲ့သဘောတူညီမှုတွေကို အတည်မပြုနိုင်သေးပါဘူး။

ယူနိုက်တက်အသင်းအနေနဲ့ နောက်ဆုံးနေ့ရက်ခေါ်ယူမှုအဖြစ် ကစားသမား လေးယောက်အထိ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကာဗာနီ၊ အဲလက်စ်တဲလက်စ်၊ အာမက် ထရာအိုရေး၊ ပဲလစ်စထရီတို့ကို ခေါ်ဆောင်ခဲ့ကာ အသင်းကြီးလူစာရင်းအဖြစ် မှတ်ပုံတင်ခဲ့ပါပြီ။ အာမက်ထရာအိုရေးက ဇန်နဝါရီမှအသင်းဆီရောက်လာမှာဖြသ်ပြီး၊ ပဲလစ်စထရီနဲ့နှစ်ဦးလုံးက (၁၈)နှစ်သားတွေဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းရဲ့ ကွင်းလယ်အင်အာဖြည့်တင်းမှုအနေနဲ့ ဖက်ဒရီကို ချီဆာကို ဖီအိုရင်တီးနားကနေ ယူရိုသန်း (၆၀)(ပေါင် ၅၄သန်း)နဲ့ ခေါ်ယူလိုက်ပြီလို့သိရပါတယ်။ ပထမနှစ်နှစ်အတွက် အငှားခေါ်ယူမှုလို့ဖော်ပြထားပြီး၊ ဂျူဗင်တပ်ဟာ (၁၀+၁၀+၄၀) ပုံစံနဲ့ ပြောင်းရွှေ့ကြေးကို အရစ်ကျသဘောမျိုးပေးချေသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ အပြီးသတ်ခေါ်ယူထားပြီဖြစ်ပါတယ်။

ဆောက်သမ်တန်အနေနဲ့ ဝဲလ်ကော့ကို အငှားနဲ့ အဲဗာတန်ဆီကနေ ပြန်ခေါ်ခဲ့ပါတယ်။ ဖူဟမ်အသင်းကတော့ ချဲလ်ဆီးကစားသမား လိုတပ်ချိဖ်၊ လိုင်ယွန်ကစားသမား ဂျိုအာချင် အန်ဒါဆန်ကို တနှစ်အငှားနဲ့ခေါ်နိုင်ခဲ့ပါတယ်။ မန်စီးတီးနောက်ခံလူ အဒါရာဘိုင်အိုယိုရို အပြီးသတ်ခေါ်နိုင်ခဲ့ပြီး၊ သုံးဦးအထိ အပြောင်းအရွှေ့မှာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်နောက်ခံလူ စမောလင်းအနေနဲ့ ရိုးမားကိုအပြီးသတ်ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေး ယူရို (၁၅)သန်း၊ သုံးနှစ်စာချုပ်နဲ့အတူ အပိုထပ်ဆောင်းကြေး ယူရို (၅)သန်းပါဝင်တဲ့အချက်နဲ့ ရိုးမားတို့ခေါ်ယူနိုင်ခဲ့ပါတယ်။ အီတလီအက်ဖ်အေဘက်က အဆိုအရ အပြောင်းအရွှေ့ပိတ်ဖို့ တမိနစ်အလိုမှာမှ စမောလင်း အပြောင်းအရွှေ့ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။

Aung Bwa – SportsGabar