အာဆင်နယ်ရဲ့နောက်ဆုံးခေါ်ယူမှု (သို့) သောမတ်ပါတေး

ယူကေရဲ့နောက်ဆုံးရသတင်းတွေနဲ့ သတင်းထောက်တွေအများစု ကိုယ်တိုင်ပြောထားတာက အာဆင်နယ်ဟာ သောမတ်ပါတေးကို နောက်ဆုံးရက်အတွင်းအပြီးခေါ်မှာဖြစ်ပါတယ်။ ပေါင် (၄၅)သန်းတန်ကြေးရှိတဲ့ ကစားသမားကို အက်သလက်တီကိုအနေနဲ့ အာဆင်နယ်က ကမ်းလှမ်းတာနဲ့ တရားဝင်ကိုလက်ခံရမှာဖြစ်တဲ့အတွက် အပြောင်းအရွှေ့ဟာ တရားဝင်ဖြစ်ဖို့ပဲကျန်တော့တာဖြစ်ပါတယ်။

ထရန်စဖာ နောက်ဆုံးအချိန်က မြန်မာစံတော်ချိန် (၄း၃၀)အထိ ရှိတဲ့အတွက် အာဆင်နယ်ဟာ အချိန်တွေကျန်သေးတယ်ဆိုရမှာပါ။ သောမတ်ပါတေးနဲ့ အပြောင်းအရွှေ့အသေးစိတ်အနေနဲ့ ကစားသမားနဲ့ အာဆင်နယ်ကြား ပုဂ္ဂိုလ်ရေး သဘောတူညီချက်တွေက လွန်ခဲ့တဲ့ နှစ်ပတ်ကတည်းက ရပြီးသားလို့သိရပါတယ်။ ကျန်ရှိနေတာက အေတီကိုနဲ့ ပါတေးကြား စာချုပ်ဖျက်သိမ်းကြေးဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ဥပဒေပြုအဖွဲ့ဟာ ပါတေးကို စာချုပ်ကိစ္စအပြီးသတ်ဖို့ လန်ဒန်ရဲ့ ကိုနေးမှာ ရောက်နှင့်နေပြီးသားဖြစ်ပါတယ်။ တဖက်မှာတော့ တာဝန်ရှိသူတွေက ပါတေးကို စပိန်မှာပဲဆေးစစ်မှာဖြစ်ပြီး၊ လိုအပ်တဲ့ ကိစ္စအဝအ၀ကို လန်ဒန်မှာရှိတဲ့ အဖွဲ့က ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကို စာတင်မှာဖြစ်ပါတယ်။ စပိန်ကအဖွဲ့က လာလီဂါက တာဝန်ရှိသူတွေကို ချိတ်ဆက်ထားပြီးဖြစ်ပါတယ်။

အခုလိုမျိုး ရုတ်တရက်နဲ့ နောက်ဆုံးနေ့အမီကြိုးပမ်းခဲ့တာက လိုင်ယွန်အသင်းရဲ့ ဟောက်ဆင်အော်ရာကို ကမ်းလှမ်းမှုပယ်ချခံရအပြီးမှာဖြစ်ပါတယ်။ ကွင်းလယ် လူးကပ်တော်ရဲရားကို အက်သလက်တီကိုကို အငှားချချိန်မှာ ဂွမ်ဒူဇီကလည်း ဟာသာဘာလင်ကို တရားဝင်တနှစ်အငှားနဲ့ရောက်သွားတဲ့အတွက် သောမတ်ပါတေးကို ပိုက်ဆံသုံးဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ Goal က ဖော်ပြထားပါတယ်။

ဒီအပြောင်းအရွှေ့ဟာ တရားဝင်အပြီးသတ်ဖို့နဲ့ ကြေညာဖို့ပဲကျန်တော့တဲ့အတွက် အာဆင်နယ်ရဲ့ နောက်ဆုံးနေ့ ကမ်းလှမ်းချက်ဖြစ်လာပါပြီ။ လိုအပ်နေတဲ့ ကွင်းလယ်အတွက် အချိန်မီ ပေါင် (၄၅)သန်းသုံးနိုင်မလား၊ ဒါမှမဟုတ် အပြောင်းအရွှေ့က ဘာဆက်ဖြစ်လာမလဲကို ဒီညမှ ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ (၂၀၂၀-၂၁)ရာသီ နောက်ဆုံးခေါ်ယူမှု ဖြစ်လာတော့မှာဖြစ်ပါတယ်။

Aung Bwa – SportsGabar