ဇယားထိပ်ဆုံးမှာ ရပ်တည်နေမှုကို ပေါင်(၂၅)သန်းတန် ခံစစ်မှူးနဲ့ အဲဗာတန်အားဖြည့်

အမှတ်ပေးဇယားမှာ (၄)ပွဲဆက်အနိုင်နဲ့ တိုက်စစ်အစွမ်းပြနေတဲ့ အဲဗာတန်ဟာ သူတို့ရဲ့ ရပ်တည်နေမှုကို ဆက်သေချာစေဖို့ အပြောင်းအရွှေ့နောက်ဆုံးနေ့အမီလှုပ်ရှားခဲ့ပါတယ်။ နောဝှစ်ချ်စီးတီးနောက်ခံလူ ဘင် ဂေါ့ဒ်ဖရေးကို ပြောင်းရွှေ့ကြေး ပေါင် (၂၅)သန်းနဲ့အတူ အပိုထပ်ဆောင်းကြေး+ (၅)သန်းနဲ့ အသင်းကိုတရားဝင်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

အဆိုပါနောက်ခံလူဟာ အဲဗာတန်နဲ့ (၅)နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပါတယ်။ အသက် (၂၂)နှစ်အရွယ် ဂေါ့ဒ်ဖရေးကို ခေါ်ဆိုနိုင်ခဲ့တဲ့အတွက် ဒီရာသီမှာ အဲဗာတန်ဟာ လူဝယ်အားဖြည့်မှု စုစုပေါင်း ငါးဦးအထိရှိလာပါပြီ။ ကွင်းလယ်လူ အလန်နဲ့ ဒိုကိုရေး၊ ကွင်းလယ်ဖန်တီးရှင် ရိုဒရီဂွက်၊ ဘယ်နောက်ခံလူ အန်ကောင်ကိုနဲ့ အခု ဗဟိုနောက်ခံလူ ဂေါ့ဒ်ဖရေးဖြစ်ပါတယ်။

အင်္ဂလန် ယူ(၂၁)လက်ရွေးစင်လည်းဖြစ်၊ မနှစ်က တန်းမဆင်းခင်မှာ မက်စ်အာရွန်၊ ဂျာမယ်လူးဝစ်တို့နဲ့ အထင်ကြီးစရာနောက်တန်းကို ပြသထားနိုင်တဲ့ ဂေါ့ဒ်ဖရေးက စာချုပ်နိုင်တဲ့အပေါ် အခုလိုဆိုပါတယ်။ ” အဲဗာတန်အတွက် စာချုပ်ရတာနဲ့ ကလပ်အကြီးအကြီးရဲ့အစိတ်အပိုင်းဖြစ်ရာတာက ဂုဏ်ယူစရာတခုဖြစ်ပါတယ်။ ” ဂေ့ါဒ်ဖရေးရဲ့ စာချုပ်အပြီး ပထမဆုံးမှတ်ချက်ဖြစ်ပါတယ်။

” ကျွန်တော့်ကို နောက်တဆင့်အထိဆက်သွားစေဖို့ ကူညီမယ့်ကမ္ဘာ့အဆင့်ထိပ်တန်းကစားသမားတွေနဲ့ပြည့်နေတဲ့အပြင် စိတ်လှုပ်ရှားစရာ သမိုင်းကြောင်းအပြည့်နဲ့ အသင်းဖြစ်ပါတယ်။ ကျွန်တော် သူတို့နဲ့အတူ ကလပ်ကို စောင့်ရှောက်သွားမှာဖြစ်တဲ့အပြင် ကလပ်နဲ့အတူ ကြီးမားတဲ့အချိန်ကာလတွေဖြစ်လာဖို့ မျှော်လင့်မိပါတယ်” လို့ ဂေါ့ဒ်ဖရေးက ဆိုခဲ့ပါတယ်။

ဂေ့ါဒ်ဖရေးအနေနဲ့ အခုလို ပေါင် (၂၅)သန်းဖြစ်လာဖို့ကို (၂၀၁၆)ခုနှစ်မှာ ယော့ခ်စီးတီးဆိုတဲ့အသင်းကနေ နောဝှစ်ချ်ကို ပေါင်(၂၅)သန်းနဲ့ ရောက်လာသူပါ။ ပရီးမီးယားလိဂ်ကို တန်းတက်လာမယ့်အသင်းရဲ့အခရာ ကစားသမားဖြစ်ခဲ့ပေမဲ့ အသင်းရဲ့ရလဒ်တွေဆိုးရွားမှုအောက်မှာ တန်းပြန်ဆင်းသွားခဲ့သူဖြစ်ပါတယ်။ အဲဗာတန်ဟာ လေးပွဲဆက်နိုင်နေပေမဲ့ သူတို့ရဲ့ခံစစ်မှာ မေဆင်ဟိုးဂိတ်နဲ့ ဂျာရန့် ဘရန့်ဝိတ်က ဒဏ်ရာရနေတဲ့အပေါ် ပေါင် (၂၅)သန်းထပ်သုံးလိုက်တာပါ။

နောဝှစ်ချ်အနေနဲ့အခုလို နောက်ခံလူတယောက်ကို စံချိန်တင်ကြေးနဲ့ ရောင်းနိုင်ခဲ့တာဟာ ဂျိမ်းမက်ဒီဆင်ကို လက်စတာကို (၂၄)သန်းနဲ့ ရောင်းအပြီးမှာ အများဆုံးနဲ့ ဖြစ်ပါတယ်။ ဒါပေမဲ့ အပြည့်တော့ရမှာမဟုတ်ဘဲ အသင်းဟောင်း ယော့ခ်စီးတီးကို ပေါင် (၂.၅)သန်းပြန်ခဲပေးရမယ်လို့ သိရပါတယ်။ အဲဗာတန်ဟာ အန်ဆယ်လော့တီရဲ့ မောင်းနှင်မှုအောက်မှာ အရှိန်အဟုန်ပြင်းနေပြီလို့ သတ်မှတ်ရမှာပါပဲ။

Aung Bwa – SportsGabar